Home
မြန်မာသတင်း
မြန်မာသင်္ကြန် ယူနက်စကို စာရင်းဝင်ပေမဲ့ ကမ္ဘာ့လှည့်ခရီးသွားများ ပိုမိုဝင်ရောက်ရန် မမျှော်လင့်
DVB
·
December 9, 2024
Photo: ရန်ကုန်သင်္ကြန်ဆင်နွှဲနေသည့် နိုင်ငံခြားသားများ၊ ၂၀၁၈ ခုနှစ်။

မြန်မာ့ရိုးရာအတာသင်္ကြန်က ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ဝင်ခဲ့ပြီဖြစ်ပေမဲ့ ကမ္ဘာလှည့် နိုင်ငံခြားခရီးသွားတွေ မြန်မာနိုင်ငံကို ပိုမိုဝင်ရောက်လာဖို့ မမျှော်လင့်ဘူးလို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်က ကုလသမဂ္ဂရဲ့ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO ကနေ မြန်မာ့အတာသင်္ကြန်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ မြန်မာအတာသင်္ကြန်ပွဲတော်ဟာ ကိုဗစ်ကြောင့် ၂၀၂၀ ခုနှစ်ကတည်းက ကျင်းပခွင့်မရခဲ့တာဖြစ်ပြီး ၂၀၂၃ ခုမှာတော့ စစ်ကောင်စီက သင်္ကြန်ကို ပြန်လည်စည်ကားအောင် ပြုလုပ်ခဲ့ပါသေးတယ်။

အခုနှစ် ၂၀၂၄ မှာလည်း စစ်ကောင်စီ စီစဉ်ထားသလို နိုင်ငံခြားခရီးသွားတွေနဲ့ စည်ကားခဲ့တာမျိုး မရှိတဲ့အတွက် လာမယ့် ၂၀၂၅ မှာတော့ ယူနက်စကိုစာရင်းဝင် သင်္ကြန်ကြောင့် နိုင်ငံခြားသား ခရီးသွားတွေနဲ့ ပြန်လည်စည်ကားလာဖို့ စစ်ကောင်စီက မျှော်လင့်နေတာပါ။

လက်ရှိမှာလည်း နိုင်ငံခြားသားခရီးသည်တွေ မရှိသလောက် နည်းပါးနေပြီး သင်္ကြန်ကြောင့် ပြည်ပခရီးသွားတွေ ပိုမိုလာရောက်ဖို့ မမျှော်လင့်ထားဘူးလို့ ပုဂံဒေသတွင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။

“သင်္ကြန်ဆိုတာ ပုဂံက စတာပေါ့။ သင်္ကြန်ဆိုတာ ကျနော်တို့မြန်မာတွေရဲ့ မူရင်းပဲလေ၊ အဲဒါ အခုလို ယူနက်စကိုရတာ ဝမ်းသာတယ်ပေါ့နော်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်တာပေါ့နော်။ ဒါပေမဲ့ ခရီးသွားတွေ တကယ် သိသိသာသာ တိုးလာမှာတော့ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ပုဂံဆိုတာ ဒြပ်ရှိယဉ်ကျေးမှုလေ။ အဆောက်အဦတွေလည်း အများကြီးရှိတယ်၊ မြေပေါ်က အဆောက်အဦတွေ အများကြီးရှိတာတောင်၊ ဇုန်တခုလည်း အကျယ်ကြီး စီစဉ်ထားတာတောင်မှ မလာတာပေါ့၊ ဧည့်သည် ဖော်ရိန်နာက မလာတာ၊ သူတို့အတွက် safe မဖြစ်ဘူးထင်လို့ မလာတာပေါ့။ ဒီသင်္ကြန် ယူနက်စကို ဝင်ရုံနဲ့တော့ သိသိသာသာ နိုင်ငံတကာ ခရီးသွားတွေ လာမှာတော့ လုံးဝမဟုတ်ဘူး၊ အဲဒါတော့ လုံးဝသေချာ။ ရှိတဲ့ လိုကယ်လောက်ပဲ လာမှာပေါ့၊ လိုကယ်တွေ လာတာပဲ ကျေးဇူးတင်နေရတယ်။ ကျနော်တို့ ပုဂံလည်း လုံးဝမလွယ်ဘူး။”

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်နဲ့ နှိုင်းယှဉ်ရင်လည်း ပြည်ပခရီးသွားဝင်ရောက်မှုက ၂၀၂၄ ခုနှစ် ၁၀ လတာမှာ ထက်ဝက်နီးပါး ကျဆင်းသွားတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

ကိုဗစ်နဲ့ အာဏာသိမ်းဖြစ်စဉ်တွေကြောင့် ဆက်တိုက်ကျဆင်းနေတဲ့ ခရီးသွားလုပ်ငန်းတွေဟာ ယူနက်စကို စာရင်းဝင်တဲ့ အတာသင်္ကြန်ကြောင့် အနည်းငယ် ပြန်ကောင်းလာဖို့ မျှော်လင့်တယ်လို့ ခရီးသွားလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

“ခရီးသွားလုပ်ငန်းတွေက မနှစ်ကမှမဟုတ်ဘူး၊ တနှစ်ထက်တနှစ် ကိုဗစ်စဖြစ်တဲ့ ကာလက စပြီးတော့မှ မြန်မာနိုင်ငံကို ခရီးသွားတွေ ဝင်ရောက်တာ နည်းပါးလာတာ။ ပုံမှန်ပဲ တောက်လျှောက် ပြတ်သွားတာနဲ့ တိုးတက်လာတယ်ကို မရှိသေးတာ။ မြန်မာတို့ရဲ့ သင်္ကြန်က ယူနက်စကို ဝင်သွားပြီဆိုတော့ နည်းနည်းလေးတော့ ခရီးသွားလုပ်ငန်းအတွက် အလှုပ်အခတ်လေး တခုပေါ့၊ အရမ်းကြီးမဟုတ်ဘဲ နည်းနည်းလေး ရောင်ခြည်လေးတခု သန်းလာတယ်လို့တော့ မျှော်လင့်ချက်လေးရှိပါတယ်။”

မြန်မာ့ရိုးရာအတာသင်္ကြန်ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုဖို့ ကုလသမဂ္ဂ ယူနက်စကို ကို ၂၀၂၃ ခုနှစ်၊ မတ်လက တင်ပြခဲ့ပြီး အခုအချိန်မှာတော့ ဒြပ်မဲ့ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ခဲ့တာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ကတော့ ဝမ်းသာဂုဏ်ယူကြောင်း ပြောပါတယ်။

မြန်မာပြည်သူတယောက်က “ကိုယ်တွေ ငယ်ငယ်ကတည်းက သင်္ကြန်ဆိုတာ ရိုးရာပွဲတော်တခု အနေနဲ့ သတ်မှတ်ဆင်နွှဲခဲ့ကြတာလေ။ သင်္ကြန်မရောက်ခင်ကတည်းက  ကြိုတင်ပြင်ဆင်ပြီးတော့ ပျော်ခဲ့ကြတာ။ ဒီလိုပွဲတော်တခုကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်သွားတယ်ဆိုတော့ ပျော်တာပေါ့၊ အပျော်က တဝက်လောက်ပေါ့ အပြည့်မပျော်ဘူး။ ခရီးသွားတွေလည်း ဆက်တိုးလာစရာ အကြောင်းလည်း မရှိဘူးထင်တယ်။ တော်လှန်ရေး မြန်မြန်အောင်ဖို့ မျှော်လင့်တာပဲ၊ တော်လှန်ရေး မြန်မြန်အောင်ပြီးရင် ဒီလိုကမ္ဘာ့အမွေအနှစ်ဝင်တဲ့ သင်္ကြန်ပွဲတော်အပြင် တခြား ပျော်စရာတွေနဲ့ စုပျော်တော့မယ်လို့ မျှော်လင့်ထားပါတယ်” လို့ ပြောပါတယ်။

ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့မှာ ဒီဇင်ဘာ ၂ ရက်က ၇ ရက်အထိ ကျင်းတဲ့ ၁၉ ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ညီလာခံကနေ မြန်မာ့ “အတာသင်္ကြန်” ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် အတည်ပြုလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013