Home
နိုင်ငံတကာ
စကော့တလန် သစ်ဆွေးစိမ့်မြေဒေသ ယူနက်စကို အမွေအနှစ်စာရင်းဝင်
DVB
·
July 29, 2024
Photo-BBC

စကော့တလန်မြောက်ပိုင်း ကုန်းမြင့်ဒေသက ဖလိုးကန်းထရီးရပ်ဝန်းဟာ ကမ္ဘာ့ပထမဆုံး ယူနက်စကိုစာရင်းဝင် သစ်ဆွေးစိမ့်မြေဒေသ ဖြစ်လာတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

မိုးရေချိန်မြင့်မားတဲ့ ဒါမှမဟုတ် စွတ်စိုမှုများတဲ့ အေးမြတဲ့ ဒေသတွေမှာ ဖြစ်ပေါ်လေ့ရှိတဲ့ ကျယ်ပြန့်တဲ့ သစ်ဆွေးစိမ့်မြေပြင်ကျယ်ကြီးကို ကမ္ဗလာစိမ့်မြေလို့လည်း ခေါ်ကြပါတယ်။

ဒီနေရာရဲ့ ဂေဟဗေဒစနစ်ကို ကာကွယ်ဖို့အတွက် ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ကြောင်း နယူးဒေလီမှာကျင်းပတဲ့ ယူနက်စကို နှစ်ပတ်လည်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာပါ။

ဒါကြောင့် ဖလိုးကန်ထရီးဟာ ဆီရန်ဂတ်တီ၊ ဂယ်လာပါဂို့စ်ကျွန်းစု၊ မဟာသန္တာကျောက်တန်း၊ အဲဗားဂလိတ်စ်တို့နဲ့အတူ အမွေအနှစ်စာရင်းဝင် သဘာဝနေရာတခု ဖြစ်လာပါတယ်။

ဒီဒေသဟာ ကမ္ဘာမှာ သစ်ဆွေးစိမ့်မြေဒေသ အားလုံးရဲ့ ၅ ရာခိုင်နှုန်းလောက်ရှိသလို တခြား သစ်ဆွေးစိမ့်မြေဒေသတွေနဲ့ ယှဉ်ရင် လုံးဝအကောင်းအတိုင်းနီးပါး ကျန်ရှိနေတဲ့နေရာ ဖြစ်ပါတယ်။

ဖလိုးကန်းထရီးဟာ ကာဗွန်တန် သန်း ၄၀၀ လောက်ကိုလည်း သိုမှီးထားနိုင်ပြီး ယူကေရဲ့ သစ်တောအားလုံးပေါင်း ကာဗွန်သိုမှီးနိုင်စွမ်းထက်ကို ပိုများတယ်လို့ ဆိုပါတယ်။

စတုရန်းကီလိုမီတာ ၄,၀၀၀ တောင်ရှိတဲ့ ဒီနေရာမှာ ရှုပ်ထွေးပြီး ပျက်စီးလွယ်တဲ့ အပင်တွေရဲ့ ဂေဟဗေဒစနစ်တရပ်ရှိသလို သစ်ဆွေးစိမ့်မြေပုံစံနဲ့ အပင်အရွက်အဆွေး အနှစ် ၉,၀၀၀ စာ စုပုံမှုကြောင့် ကာဗွန်တွေကို စုဆောင်းထိန်းသိမ်းထားနိုင်တယ်လို့ ဆိုပါတယ်။

ဒီနေရာဟာ လည်ချောင်းနီ ရေငုပ်ငှက်၊ ရွှေရောင်ဒီလုံးငှက်၊ ဂရင်းရှန့် ငှက်ကလေးတွေ ပေါက်ဖွားရာနေရာလည်း ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013