Home
အားကစား
စကော့တလန်အသင်း အုပ်စုအဆင့်မှလှည့်ပြန်ရ သတင်းအပါအဝင် ယူရို ၂၀၂၄ နောက်ဆုံးရ သတင်းများ
DVB
·
June 24, 2024

ဟန်ဂေရီ၏ နောက်ကျဂိုးကြောင့် စကော့တလန် ယူရိုပြိုင်ပွဲမှ ထွက်ရ

မနေ့ညက ကန်သွားတဲ့ ယူရို ၂၀၂၄ အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်  ဟန်ဂေရီနဲ့ စကော့တလန်တို့ရဲ့ ပွဲစဉ်မှာ ပုံမှန်ပွဲချိန် မိနစ် ၉၀ အပြီး မိနစ် ၁၀၀ ရောက်မှ ဟန်ဂေရီ သွင်းယူခဲ့တဲ့ဂိုးကြောင့် စကော့စတလန်အသင်း ယူရိုပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။

၉၉ မိနစ် ၃၈ စက္ကန့်မှာ သွင်းယူခဲ့တဲ့ ဟန်ဂေရီရဲ့ဂိုးဟာ ယူရိုပြိုင်ပွဲတလျှောက် ပုံမှန်ပွဲကစားချိန်အတွင်း နောက်အကျဆုံးဂိုး ဖြစ်လာပါတယ်။

ဒီပွဲမှာ အနိုင်ရခဲ့လို့ ဟန်ဂေရီဟာ ယူရို ၁၆ သင်းအဆင့်ကို အကောင်းဆုံး တတိယအသင်းနေရာက တက်နိုင်ဖို့ အခွင့်အရေး ရှိသွားပါပြီ။

ဟန်ဂေရီ အနိုင်ရခဲ့တာက ၂၀၁၆ ခုနှစ်က သြစတြီးယားကို အနိုင်ရပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ယူရိုပြိုင်ပွဲမှာ အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။​

၁၆ သင်းအဆင့် တက်နိုင်ရေး ခရိုအေးရှားနှင့် အီတလီ အဆုံးအဖြတ် ကစားရမည်

အီတလီအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ ခရိုအေးရှားအသင်းနဲ့ အဆုံးအဖြတ်ကစားရမှာ ဖြစ်ပါတယ်။

စပိန်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် လက်ရှိချန်ပီယံ အီတလီအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဥ်မှာ မရှုံးအောင် ကြိုးစားရမှာပါ။

အုပ်စု B မှာ အယ်လ်ဘေးနီးယားနဲ့ ခရိုအေးရှားအသင်းတို့က ၁ မှတ်စီ ရထားတာကြောင့် နောက်တဆင့်တက်ဖို့ အခွင့်အရေး ရှိနေပါသေးတယ်။

ယူရိုပြိုင်ပွဲကို ၂၀၁၆ ခုနှစ်ကစပြီး ပြိုင်ပွဲဝင်အသင်း ၂၄ သင်းအထိ တိုးချဲ့ခဲ့တာကြောင့် အကောင်းဆုံး တတိယအသင်း ၄ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။​

ဖူးကုချ် ခြေစွမ်းပြမှုကြောင့် လူရွေးချယ်ရခက်ခဲစေကြောင်း ဂျာမန်နည်းပြဆို

ဆွစ်ဇာလန်နဲ့ပွဲမှာ တိုက်စစ်မှူး နီကိုလတ်ဖူးကုချ် လူစားဝင်ပြီး ချေပဂိုးသွင်းခဲ့တာက လူရွေးချယ်ရ ခက်ခဲစေတယ်လို့ ဂျာမနီနည်းပြက ပြောပါတယ်။

ဂျာမနီအသင်းဟာ ဆွစ်ဇာလန်နဲ့ပွဲမှာ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်နေချိန် ဖူးကုချ်က ခေါင်းတိုက်ပြီး ချေပဂိုးသွင်းပေးခဲ့ပြီး ပထမကစားသမားအဖြစ် ခြေစွမ်းပြနိုင်ကြောင်း သက်သေပြခဲ့တာ ဖြစ်ပါတယ်။​

လက်ရှိအချိန်မှာ ဂျာမနီအသင်းဟာ ကိုင်ဟာဗတ်ဇ်ကို တိုက်စစ်မှာ အသုံးပြုနေပြီး ဖူးကုချ်ကို မူဆီယာလာရဲ့ နေရာမှာ အစားထိုးခဲ့တာ ဖြစ်ပါတယ်။

ဖူးကုချ်ကို ၁၆ သင်းအဆင့်မှာ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုဖို့ စဥ်းစားထားကြောင်း နည်းပြ နာဂယ်စမန်းက ပြောပါတယ်။

ယူရိုပွဲပြီးလျှင် အနားယူရန် မစဥ်းစားကြောင်း ဒီဘရိုင်း ဆို

ယူရိုပြိုင်ပွဲပြီးရင် လက်ရွေးစင်ကစားသမားဘဝကနေ အနားယူဖို့ မစဥ်းစားဘူးလို့ ဘယ်လ်ဂျီယံ အသင်းခေါင်းဆောင် ဒီဘရိုင်းက ပြောပါတယ်။

ဒီဘရိုင်းဟာ လက်ရွေးစင်အသင်းမှာ ၁၀ နှစ်ကျော်ကြာ ကစားခဲ့သူဖြစ်ပြီး ဘယ်အချိန် အနားယူမလဲဆိုတာ မစဥ်းစားသေးဘူးလို့ ပြောခဲ့တာပါ။

ဘယ်လ်ဂျီယံအသင်းဟာ လက်ရွေးစင်ဖြစ်လာတဲ့ လူငယ်တွေကို လက်တွဲခေါ်ဖို့ ဆန္ဒရှိနေတာကြောင့် ယူရိုပြိုင်ပွဲအပြီးမှာလည်း လက်ရွေးစင်အသင်းမှာ ဆက်ရှိနေဖွယ် ရှိပါတယ်။​

ဘယ်လ်ဂျီယံအသင်းဟာ ယူရိုအဖွင့်ပွဲစဥ်မှာ စလိုဗက်ကီးယားကို ရှုံးနိမ့်ခဲ့ပြီး ရိုမေးနီးယားကို အနိုင်ရထားတာကြောင့် ယူကရိန်းနဲ့ကစားမယ့် လက်ကျန်ပွဲစဥ်မှာ ရလဒ်ကောင်းဖို့ လိုအပ်နေပါတယ်။

Photos-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013