ဒဏ်ရာရထားတဲ့ ပါလက်စတိုင်း အမျိုးသားတဦးကို စစ်ဂျစ်ကားဘောနက်ဖုံးပေါ်တင်ပြီး ကြိုးတုပ်ခေါ်ယူသွားတဲ့ကိစ္စမှာ တပ်ဖွဲ့ဝင်တွေဟာ ကျင့်ဝတ်လုပ်ထုံးကို ချိုးဖောက်ရာ ရောက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဝန်ခံလိုက်ပါတယ်။
ပါလက်စတိုင်းနယ်မြေတခုဖြစ်တဲ့ အနောက်ဘက်ကမ်းဒေသ၊ ဂျီနင်းမြို့ကို အစ္စရေးတပ်တွေ ဝင်ရောက်စီးနင်းချိန်မှာ ဒီဖြစ်စဉ် ဖြစ်ပွားခဲ့တာပါ။
အခင်းဖြစ်ဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပြီးတဲ့နောက် အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) က အတည်ပြု ဝန်ခံလိုက်တာ ဖြစ်ပါတယ်။
စီးနင်းမှုတခုမှာ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး သံသယရှိသူ အမျိုးသားဟာ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရအမျိုးသားရဲ့ မိသားစုက လူနာတင်ကားနဲ့ ခေါ်သွားပေးဖို့ တောင်းဆိုတဲ့အခါ စစ်တပ်က အဲဒီအမျိုးသားကို ဂျစ်ကားဘောနက်ဖုံးပေါ်တင် ကြိုးတုပ်ပြီး ခေါ်သွားခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ အဲဒီအမျိုးသားကို ကုသမှုပေးဖို့ လခြမ်းနီအဖွဲ့ကို လွှဲပေးခဲ့တယ်လို့ ဆိုပါတယ်။
မူဂျာဟက်ဒ် အက်ဇ်မီလို့ ခေါ်တဲ့ အမျိုးသားကို အခုလိုလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ရိုက်တာသတင်းဌာနကို ဖြေကြားပါတယ်။
ဒီဗီဒီယိုဖိုင်ပါ တပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်ဟာ အမိန့်နဲ့ စံပြုကျင့်ဝတ်လုပ်ထုံးတွေကို ချိုးဖောက်ရာရောက်ပြီး အစ္စရေးတပ်မတော်ရဲ့ စံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့ ထုတ်ပြန်ထားပါတယ်။
ဂါဇာကမ်းမြောင်မှာ စစ်ပွဲစတဲ့အချိန်မှာပဲ အနောက်ဘက်ကမ်းမှာလည်း အကြမ်းဖက်မှုတွေ မြင့်တက်လာခဲ့ပြီး အစ္စရေးတပ်ကလည်း မကြာခဏဆိုသလို ဝင်ရောက်စီးနင်းမှုတွေ ရှိခဲ့ပါတယ်။
အနောက်ဘက်ကမ်းမှာ လက်နက်ကိုင်တွေ၊ တိုက်ခိုက်ရေးသမားတွေအပြင် အရပ်သားတွေ အပါအဝင် ပါလက်စတိုင်းနိုင်ငံသား ၄၈၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။
Source-Reuters