ယူကရိန်းနိုင်ငံအတွက် စစ်ရေးအထောက်အပံ့ ပိုပေးမယ့် အမေရိကန်ကို မြောက်ကိုရီးယား အကြီးတန်းအရာရှိတယောက်က ဇွန် ၂၄ ရက်မှာ ဝေဖန်ပြစ်တင်လိုက်ပါတယ်။
ရုရှားမှာ ဘယ်လို လက်စားချေ တုံ့ပြန်မှုအတွက်မဆို ရွေးချယ်ပိုင်ခွင့် ရှိတယ်လို့လည်း မြောက်ကိုရီးယား စစ်ဘက်ထိပ်တန်း အရာရှိတွေထဲက တယောက်ဖြစ်တဲ့ ပတ်ခ်ဂျုံချွန်က ကြေညာချက် ထုတ်ပြန်ပြောဆိုပြီး ကြေညာချက်ကို KCNA သတင်းဌာနရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ တနင်္လာနေ့က ဖော်ပြခဲ့ပါတယ်။
တကယ်လို့ အမေရိကန်က ရုရှားကိုတိုက်ဖို့ ကြားခံစစ်ပွဲအနေနဲ့ ယူကရိန်းကို ဆက်ပြီး ဖိအားပေးနေမယ်ဆိုရင် ရုရှားအစိုးရဆီက ပိုအားပြင်းတဲ့ တုံ့ပြန်ချက်ကို ဆွပေးသလို ဖြစ်နိုင်ပြီး ကမ္ဘာစစ်အသစ်တခု ဖြစ်သွားနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
ရုရှားနယ်စပ်တလျှောက်က ရုရှားတပ်ဖွဲ့တွေကို ပစ်ခတ်ဖို့ အမေရိကန်က ထောက်ပံ့ထားတဲ့ လက်နက်တွေကို ယူကရိန်းစစ်တပ်တွေက သုံးနိုင်တယ်လို့ အရင်အပတ်က အမေရိကန်ရဲ့ ပင်တဂွန်စစ်ဌာနချုပ်က မှတ်ချက်ပေးခဲ့တာကို ရည်ညွှန်း ပြောဆိုခဲ့တာပါ။
၂၄ နှစ်အတွင်း ပထမဆုံးအနေနဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မြောက်ကိုရီးယား မြို့တော် ပြုံယမ်းကို လာရောက်လည်ပတ်ရင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ တွေ့ဆုံအပြီး ရက်ပိုင်းအတွင်း ခုလို ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။
Source-Reuters