ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်က ဆန်စက်ပိုင်ရှင်တွေ၊ ဆန်လုပ်ငန်းရှင်တွေ၊ ဆန်နဲ့ စပါးရောင်းဝယ်ရေး လုပ်ငန်းရှင်တွေကို စစ်ကောင်စီတပ်က ခေါ်ယူစစ်ဆေးပြီး ဆန်စက်ပိုင်ရှင် ၂ ဦးကို ဖမ်းဆီးထားကာ ဆန်စက် ၆ လုံးကိုပါ ချိပ်ပိတ်လိုက်တယ်လို့ လုပ်ငန်းရှင်တွေနဲ့ စစ်ကောင်စီ နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က ဇွန် ၂၀ ရက် ပုသိမ်မြို့နယ်က ဆန်စက်လုပ်ငန်းရှင်တွေ၊ ဆန်လုပ်ငန်းရှင်တွေကို ခေါ်ယူစစ်ဆေးခဲ့ပြီး ဆန်ကြမ်း ၁၀၈ ပေါင် ဆန် ၂၄ ပြည်ပါ တအိတ်ကို ကျပ် ၇၀၀၀၀ ၊ ပေါ်ဆန်းမွှေး တအိတ် ကျပ် ၁၄၅၀၀၀ နဲ့ ရောင်းချဖို့ ဈေးနှုန်းသတ်မှတ်ခဲ့ပြီး ဆန် စက်လုပ်ငန်းရှင် ၂ ဦးကို ဇွန် ၂၂ ရက်က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ပုသိမ်ဒေသခံ ဆန်လုပ်ငန်းရှင်တဦးက “ဆန်ဈေးနှုန်းတွေကို သူတို့သတ်မှတ်ဈေးထက် ပိုမရောင်းဖို့၊ ဆန်လုပ်ငန်းရှင်တွေနဲ့ စက်ပိုင်တွေကိုခေါ်ပြီး သတ်မှတ်ခဲ့တာပါ။ ဆန်စက်ပိုင်ရှင် ၂ ယောက်ကိုလည်း ဖမ်းဆီးထားတယ်''လို့ ပြောပါတယ်။
ဆန်စက် လုပ်ငန်းရှင်တွေနဲ့ နီးစပ်သူက “ပုသိမ်မြို့ အမှတ် ၇ ရပ်ကွက် ရာမညမာတ ကမ်းနား လမ်းက ဓနဖြိုး၊ မျိုးချစ်၊ လင်းရတနာ၊ စိန်မြင့်မိုရ်ဆိုတဲ့ ဆန်စက်တွေနဲ့ အမှတ် ၇ ရက်၊ ဆန်စက် ၂ လုံးကို စစ်ကောင်စီတပ်က ဇွန် ၂၃ ရက်နေ့အထိ ချိတ်ပိတ်ထားတယ်။ အဖမ်းခံရတဲ့ ဆန်စက် ပိုင်ရှင် ၂ ယောက်က အမှတ် ၇ ရပ်ကွက်ထဲက ဆန်စက်ပိုင်ရှင် ၂ ယောက်ပါ။ သူတို့ကိုလည်း ဒီနေ့အထိ ပြန်မလွှတ်ပေးသေးပါဘူး" လို့ ပြောပါတယ်။
အဲဒီ ဖမ်းဆီးခံရတဲ့ ဆန်စက်လုပ်ငန်းရှင်တွေနဲ့ ချိပ်ပိတ်ခံရတဲ့ ဆန်စက်ပိုင်ရှင်တွေဆီကနေ စစ်ကောင်စီတပ်ကလုပ်ငန်းရှင် တဦးကို ဆန်အိတ်ရေ ၁၀၀၀ ထက် မနည်းတောင်းယူတာတွေ လုပ်နေတယ်လို့ လုပ်ငန်းရှင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မေလကလည်း ဧရာဝတီတိုင်းထဲက ရွှေဆိုင်လုပ်ငန်းရှင်တွေ၊ ရွှေကုန်သည်တွေ၊ ရွှေပန်းထိမ်လုပ်ငန်းရှင်တွေကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ယူကာ ဈေးချမရောင်းရင် အဖမ်းခံရမယ်လို့ ခေါ်ယူ ခြိမ်းခြောက်ပြောဆိုခဲ့သေးတယ်လို့ သိရပါတယ်။