သူတော်ကောင်းယောင်ဆောင်မှုကြီးက အသက်ရှူမှားလောက်အောင်ပါပဲ၊ ဟုတ်ပါတယ်။ ဘယ်ဖခင်မဆို ကိုယ့်သားအတွက် ကိုယ် ဒီလိုလုပ်ကြမှာပါပဲ။ ဟုတ်တယ်မလား၊ ကလေးက ပြုပြင်နေပါပြီ၊ ခွင့်လွှတ်လိုက်ပါ၊ ပြန်လိမ်မာလာမှာပေါ့။ မကောင်းတဲ့ကောင်တွေက သူ့ကို ထောင်ထဲ အတင်းထည့်ဖို့ လုပ်ကြတာလေ။ နေပါစေ၊ ဘဝကို ရှင်သန်ပါစေပေါ့။
လွန်ခဲ့တဲ့ ၆ လကပဲ သားဖြစ်သူ ဟန်တာဘိုင်ဒင်ကို လွတ်ငြိမ်းချမ်းသာခွင့် မပေးပါဘူး ဆိုပြီးတော့ နိုင်ငံရေးအမှတ် ယူသွားပါသေးတယ်။ အခုတော့ ရွေးကောက်ပွဲကြီးလည်းပြီးပြီ၊ သူလည်း မပြိုင်ရဘူး။ အစားပြိုင်တဲ့သူလည်း ရှုံးသွားပြီ။ သားဖြစ်သူ လွတ်ငြိမ်းပါစေတော့ပေါ့။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က “မိသားစုနဲ့ပတ်သက်တဲ့ မေးခွန်းကို ဖြေကြားရမယ်ဆိုရင် ကျနော့်သား ဟန်တာကို ကျနော် အရမ်းဂုဏ်ယူပါတယ်။ သူက မူးယစ်ဆေးစွဲတာကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။ ကျနော်သိတဲ့ လူတွေထဲမှာ သူက အတော်ဆုံး၊ စိတ်ရင်းအကောင်းဆုံး တွေထဲက တယောက်ပါ။ ဒါကြောင့် ကျနော် ဘာမှထပ်လုပ်မှာ မဟုတ်ပါဘူး။ ဂျူရီအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာမယ်လို့ ကျနော်ပြောခဲ့တယ်။ အဲဒီအတိုင်းပဲ လုပ်သွားမှာပါ။ ကျနော့်သားကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။
လွယ်လွယ်ပြောရရင် အရမ်းထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ သမ္မတ ဂျရယ်ဖို့ဒ်ဟာ သူ့ရှေ့က သမ္မတ ရစ်ချတ်နစ်ဆင်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ သမ္မတ ဘီလ်ကလင်တန်ကလည်း သူ့ဝမ်းကွဲအမျိုးဖြစ်သူနဲ့ ဒီမိုကရက်တွေကို လှူဒါန်းတဲ့ အလှူရှင်မိသားစုတွေက ပုဂ္ဂိုလ်တွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ပ်ကတော့ မပါမဖြစ်ပါ။ ပထမသက်တမ်းတုန်းက သူ့ခမည်းခမက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ အခု သမ္မတပြန်ဖြစ်ရင်လည်း ၂၀၂၁ တုန်းက ကက်ပီတယ်လ်ဟေး လွှတ်တော်အဆောက်အအုံကို ဝင်စီးလို့ ထောင်ကျနေရသူတွေ အပါအဝင် သူလွတ်ငြိမ်းချမ်းသာခွင့်ပေးမယ့်သူတွေ အများကြီးရှိနေပါတယ်။
နောက်ဆုံးကတော့ သူ့ကိုယ်သူပါ၊ သူရင်ဆိုင်နေရတဲ့ အမှုတွေကနေ လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်ခြေရှိနေပါတယ်။ ဒါပေမဲ့ ပြည်ထောင်စုအဆင့် စွဲဆိုထားတဲ့ အမှုတွေကိုပဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်မှာဖြစ်ပြီး ပြည်နယ်အဆင့်အမှုတွေကတော့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အကျုံးမဝင်ပါဘူး။
ဘိုင်ဒင်ကတော့ သားဖြစ်သူ ဟန်တာရဲ့ သေးသေးမွှားမွှား ပြစ်မှုလေးတွေအတွက်ဆိုပြီးတော့ ပြောကောင်း ပြောနိုင်ပါတယ်။ အခွန်ရှောင်တာရယ်၊ မူးယစ်ဆေး မသုံးထားဘူးဆိုပြီး လိမ်လည်ပြီး သေနတ်ဝယ်မိတာလေးရယ်ကို နိုင်ငံရေးရန်သူတွေက အတင်းကြီး လိုက်ပြဿနာရှာကြတယ်ပေါ့။
ဒါပေမဲ့ အဲဒီလိုဆိုရင် နယူးယောက်မှာ ဒီမိုကရက်အာဏာပိုင်တွေက ထရမ့်ပ်ရဲ့ စီးပွားရေး လူလည်ကျမှုတွေကို အသည်းအသန် တရားစွဲတာနဲ့ သဘောတရား အတူတူပါပဲလို့ ထောက်ပြစရာ ရှိပါတယ်။ နယူးယောက်တိုင်းမ် သတင်းစာခေါင်းကြီးပိုင်းမှာတောင် စာလုံးကြီးနဲ့ “အပြစ်ရှိ” ဆိုပြီး ဖော်ပြခဲ့သေးတာပါ။
လူဆိုတာ ကိုယ့်ကိုယ်ကျိုး ကိုယ်ရှာကြတာပဲဆိုတဲ့ လူတွေ၊ လက်တွေ့သမားတွေလို့ ကိုယ့်ကိုယ်ကိုယ် ပြောတဲ့သူတွေကတော့ အရင်တုန်းကလိုပဲ မေ့ပျောက်သွားလိမ့်မယ်လို့ ဆိုကြမှာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ နယ်စွန်နယ်ဖျား မင်းမဲ့စရိုက်ဆန်မှုတွေ ကျန်နေသေးတဲ့ အမေရိကန်ရဲ့ ပြစ်မှုနဲ့ ပြစ်ဒဏ်အခင်းအကျင်းမှာ ဒီပြစ်မှုတွေက အသေးအဖွဲလို့ ဆိုကောင်းဆိုနိုင်ပါတယ်။ ပိုအရေးကြီးတာက ထရမ့်ပ် ဒုတိယသမ္မတသက်တမ်းမှာ ထွက်ပေါ်လာမယ့် လွတ်ငြိမ်းချမ်းသာခွင့်တွေလို့ ပြောသူတွေလည်း ရှိပါတယ်။
တရားမျှတမှုဆိုတာ ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်ခွင့်တခု ဖြစ်သလို အမေရိကန်က ကမ္ဘာလှည့်ပြီး ဒေသနာဟောနေတဲ့ကိစ္စလည်း ဖြစ်ပါတယ်။ အဲဒီနိုင်ငံရဲ့ အုပ်ချုပ်ရေး အထွတ်အထိပ်ပုဂ္ဂိုလ်ဟာ အခြေခံဥပဒေအရ တရားစီရင်မှုမှာ မှားယွင်းတာရှိတယ်ဆိုရင် ပြင်ဆင်တည့်မတ်ပိုင်ခွင့် ရှိနေပါတယ်။
အမေရိကန် အခြေခံဥပဒေဟာ ရှင်းလင်းတဲ့ အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေအပေါ် အခြေခံထားပြီး အာဏာခွဲဝေမှုနဲ့ ကာကွယ်ထားတာဖြစ်ပါတယ်။ ပုဒ်မ ၂၊ ပုဒ်မခွဲ ၂ ရဲ့ အဓိကရည်ရွယ်ချက်က အမေရိကန်ပြည်ထောင်စု စစ်တပ်နဲ့ ပြည်နယ်လက်နက်ကိုင်အဖွဲ့တွေကို ကိုင်တွယ်ရာမှာ သမ္မတရဲ့လုပ်ပိုင်ခွင့် အားကောင်းအောင် ထည့်ထားတာဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို သက်ညှာခွင့်ပေးဖို့ ရည်ရွယ်တာမဟုတ်ပါဘူး။
အမေရိကန်အခြေခံဥပဒေဟာ အံ့ဩစရာကောင်းတဲ့ အရာပါ။ ပြည်ထောင်စုကို ညီညွတ်အောင် စုစည်းပေးထားတာ ဖြစ်ပါတယ်။ အနည်းဆုံးတော့ ရာစုနှစ် ၂ ခုနဲ့ တဝက်စာ စုစည်းပေးထားတာ ဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံကြီးတွေ၊ ပြည်ထောင်စုတွေ၊ အင်ပါယာကြီးတွေဟာ ခေတ်ကောင်းလိုက်၊ ပျက်စီးလိုက် ဖြစ်မြဲဓမ္မတာလို့ ဆိုနိုင်ပါတယ်။ ပြည်ထောင်စုတွေရဲ့ ရှင်ကျန်မှုက အခြေခံကျတဲ့ မူဝါဒနှစ်ရပ်အပေါ်မှာ အမြစ်တွယ်နေပါတယ်။
ပထမအချက်ကတော့ မတူကွဲပြားတဲ့ ပြည်နယ်ဒေသတွေက အခါအားလျော်စွာ သူတို့ရဲ့ ဒေသဥပဒေတွေ အမိန့်ထုတ်နိုင်တဲ့ အခွင့်အရေးကို လေးစားမှုရှိတာ ဖြစ်ပါတယ်။
ဒုတိယအချက်ကတော့ တရားစီရင်ရေး၊ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး ပြည်ထောင်စုအဆင့် အာဏာတွေကို ခွဲဝေကျင့်သုံးဖို့ ဖြစ်ပါတယ်။ ဒီလိုခွဲဝေကျင့်သုံးတာ အရမ်းကွဲပြားစုံလင်တဲ့ အမေရိကန် အသိုင်းအဝိုင်းကို အားကောင်းစေတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။
အမေရိကန်အခြေခံဥပဒေရဲ့ အန္တိမတာဝန်ဟာ ဒါကြီးကို ပြောင်းလဲဖို့ မဖြစ်နိုင်လောက်အောင် လုပ်ထားတာ ဖြစ်ပါတယ်။ တခါတရံကျတော့လည်း အဲဒီလိုပြောင်းလဲဖို့က လိုအပ်လာပါပြီ။ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဟာ ဒီလိုအပြောင်းလဲကို လိုအပ်ကြောင်း သာဓကကောင်းတခုသာလို့ ဆိုရမှာ ဖြစ်ပါတယ်။
စိုင်းခေတ်နွေ