ဒေါ်နယ်ထရမ့်ပ် ရွေးကောက်ပွဲအောင်မြင်မှုရသွားပြီးနောက် စိတ်တင်းမာမှုတွေလျှော့ချကြဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်တွေကို နိုဝင်ဘာ ၇ ရက်မှာ တိုက်တွန်းလိုက်ပြီး အရင်သမ္မတဟောင်းရဲ့ မယုံနိုင်စရာ ပြန်ရောက်လာမှုကြောင့် အံ့အားသင့်နေကြတဲ့ ဒီမိုကရက်တစ်ပါတီဝင်တွေကို ဖြေသိမ့်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
“ဘယ်သူ့ကိုပဲ မဲထည့်သည်ဖြစ်စေ၊ အားလုံးဟာ ရန်ဘက်တွေ မဟုတ်ကြဘဲ အမေရိကန်တွေသာဖြစ်ကြောင်း၊ အဆင်မပြေမှုတွေကို ရှောင်လွှဲမရကြောင်းနဲ့ အရှုံးပေးခြင်းကသာ ခွင့်မလွှတ်နိုင်စရာပဲ”လို့ ဒုသမ္မတ ဟားရစ်စ် ရှုံးနိမ့်မှုအတွက် စိတ်ပျက်နေကြတဲ့ ဝန်ထမ်းတွေကို ဘိုင်ဒန်က အိမ်ဖြူတော်နှင်းဆီခြံမှာ ပြောကြားခဲ့ပါတယ်။
အင်္ဂါနေ့က ရွေးကောက်ပွဲဟာ အမေရိကန် ရွေးကောက်ပွဲစနစ်ရဲ့ ခိုင်မာမှုကို သက်သေပြခဲ့ကြောင်း ဘိုင်ဒန်က ပြောကြားပြီး စည်းစနစ်တကျ အာဏာလွှဲပြောင်းရေးကို ကြီးကြပ်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
၂၀၂၀ ပြည့်နှစ်တုန်းက ဘိုင်ဒင်ကို ရှုံးနိမ့်ခဲ့ပြီးနောက် မဲရလဒ် ပြောင်းပြန်လှန်ဖို့ ကြိုးပမ်းခဲ့ပြီး အခုနှစ်မှာလည်း အခြေအမြစ်မရှိတဲ့ လိမ်လည်မှုဆိုင်ရာ တောင်းဆိုချက်တွေကို ထုတ်ဖော်ခဲ့တဲ့ ထရမ့်ပ်ကို သွယ်ဝိုက်ပြစ်တင်လိုက်တဲ့ လုပ်ရပ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
သမ္မတဘိုင်ဒန်က“မနေ့က ရွေးကောက်ခံသမ္မတ ထရမ့်ပ်ကို သူ့ရဲ့အောင်ပွဲအတွက် ဂုဏ်ပြုစကားပြောကြားခဲ့ပြီး ငြိမ်းချမ်းပြီး စည်းစနစ်ကျတဲ့ အာဏာလွှဲပြောင်းရေးအတွက် သူ့အဖွဲ့နဲ့ လက်တွဲဖို့ အုပ်ချုပ်ရေးပိုင်းတခုလုံးကို ညွှန်ကြားမယ်လို့ ကတိပေးခဲ့တယ်”လို့လည်း ပြောပါတယ်။
ဘိုင်ဒန်က သူဟာ သမ္မတတယောက်အဖြစ် သူ့တာဝန်ကို ထမ်းဆောင်သွားပြီးတော့ သူ့ရဲ့ ကတိသစ္စာအတိုင်း ဖြည့်စွမ်းမှာဖြစ်ကြာင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဂုဏ်ပြုပါကြောင်းလည်း ဘိုင်ဒင်က ပြောပါတယ်။ ဒါဟာ အမေရိကန်ပြည်သူတွေနဲ့ ထိုက်တန်ကြောင်းလည်း သမ္မတဘိုင်ဒင်က ပြောပါတယ်။
Source: Reuters