အမေရိကမှာ နိုင်ငံရေးအကြမ်းဖက်မှုအတွက် နေရာလုံးဝမရှိကြောင်းနဲ့ နိုင်ငံရေးအကြမ်းဖက်မှုကို အမြဲတမ်း ရှုတ်ချခဲ့ပါတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က စက်တင်ဘာ ၁၆ ရက်မှာ ပြောကြားသွားပါတယ်။
“အမေရိကန်ဟာ လုပ်ကြံသတ်ဖြတ်သူရဲ့ ကျည်ဆန်ကြောင့် အဖြစ်ဆိုးကို အကြိမ်ကြိမ် ကြုံတွေ့ရခဲ့ပြီး ဒါကနေ ဘာကိုမှ မဖြေရှင်းနိုင်ဘဲ တိုင်းပြည်ကို ပြိုကွဲစေဖို့သာ ရှိတယ်။ အမေရိကန်မှာ ကွဲပြားမှုတွေကို မဲဆန္ဒနဲ့သာ ဖြေရှင်းပြီး သေနတ်ဖျားမှာ အဆုံးမသတ်ခဲ့ဘူး။ ဒါကိုလည်း တတ်နိုင်သမျှ တားဆီးသွားမှာဖြစ်ပြီး ဒါမျိုးကို ဘယ်တော့မှ အားမပေးဘူး” လို့လည်း သမ္မတ ဘိုင်ဒင်က ဖီလာဒဲလ်ဖီးယားရှိ သမိုင်းဝင် လူမည်းကောလိပ်များနဲ့ တက္ကသိုလ်များ သီတင်းပတ် ညီလာခံမှာ အဖွင့်အမှာစကား ပြောသွားပါတယ်။
သမ္မတ ဘိုင်ဒင်ဟာ ဒီသီတင်းပတ်ကုန်က သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်ဖြေရှင်းခဲ့တဲ့ လျှို့ဝှက်ထောက်လှမ်းရေးဌာနကို ချီးမွမ်းခဲ့ပြီး သမ္မတဟောင်းကိုလည်း ထိခိုက်မှုကနေ အကာအကွယ်ပေးထားကာ ကျူးလွန်သူကိုလည်း ထိန်းသိမ်းထားတယ်လို့ ပြောကြားလိုက်ပါတယ်။
လျှို့ဝှက်ထောက်လှမ်းရေးဌာနဟာ ဒီထက်ပိုပြီး အကူအညီ လိုအပ်နေသေးတယ်လို့ ထင်မြင်ကြောင်းနဲ့ တကယ်လို့ လျှို့ဝှက်ထောက်လှမ်းရေးဌာနဟာ လုပ်ငန်းအတွက် အကူအညီလိုအပ်တာရှိရင် ကွန်ဂရက်စ်ဟာ သူတို့လိုအပ်ချက်တွေကို တုံ့ပြန်ပေးသင့်ကြောင်းလည်း ဘိုင်ဒင်က ဆိုပါတယ်။
ရီပတ်ဘလီကန် သမ္မတလောင်းကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုလို့ သံသယရှိသူ အမျိုးသားတယောက်ကို သေနတ်နဲ့ပတ်သက်တဲ့ ပြစ်မှု ၂ ခုနဲ့ တနင်္လာနေ့က ပြည်ထောင်စုတရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။
တနင်္လာနေ့က အမှုဖွင့် တိုင်ကြားထားချက်အရ ဖုန်းမှတ်တမ်းတွေကနေ သံသယရှိသူဟာ တနင်္ဂနွေနေ့မှာ ၁၂ နာရီနီးပါး စောင့်ဆိုင်းနေဖွယ်ရှိကြောင်း ခန့်မှန်း ယူဆထားပါတယ်။
စွဲချက်တွေ ထပ်တင်ဖွယ်ရှိပေမဲ့ ပြစ်မှုထင်ရှားစီရင်ခြင်းခံရတဲ့ ရာဇဝတ်ပြစ်မှုအဖြစ် သေနတ်ပိုင်ဆိုင်မှုနဲ့ ချေမှုန်းရေးသေနတ် အမှတ်စဉ်ပါရှိတဲ့ သေနတ်ကို လက်ဝယ်ထားရှိမှုတွေနဲ့ ကနဦး စွဲချက်တွေအတွက် အာဏာပိုင်တွေဟာ သူ့ကို စုံစမ်းစစ်ဆေးမှု ဆက်လုပ်နေချိန်မှာ ထိန်းသိမ်းထားမှာဖြစ်ပါတယ်။
ဒီအမှုဟာ သမ္မတဟောင်း ထရမ့်ပ်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းတဲ့ ဒုတိယမြောက်အမှု ဖြစ်ပြီး ထရမ့်ပ်ဟာ ဘာထိခိုက်မှုမှ မရှိခဲ့ပါဘူး။
ရီပတ်ဘလစ်ကန် သမ္မတလောင်း ကိုယ်စားလှယ် ထရမ့်ပ်ဟာ ဇူလိုင် ၁၃ ရက်တုန်းက ပင်န်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ဘတ်တလာမြို့မှာ လူထုစုဝေးပွဲတခုအတွင်း တခြားသေနတ်သမားတယောက်ရဲ့ ပစ်ခတ်ခဲ့မှုကို ကြုံခဲ့ရပါသေးတယ်။
Source-Reuters