သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်ကို လုပ်ကြံဖို့ ကြိုးစားခဲ့သူဟာ အသက် ၅၈ နှစ်အရွယ် ရိုင်ယန်ဝက်စလေ ရောက်သ် ဖြစ်ပြီး ပြစ်မှုနောက်ကြောင်းတွေရှိသူ ဖြစ်တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
၂၀၀၂ ခုနှစ်တုန်းက ရဲက ကားတားစစ်တဲ့အချိန်မှာ သေနတ်ကိုင် တုံ့ပြန်ပြီး ထွက်ပြေးခဲ့ဖူးပါတယ်။
အဲဒီနောက် အဖမ်းမခံဘဲ အဆောက်အအုံအမိုးတွေ တပ်ဆင်ပေးတဲ့ သူ့ကုမ္ပဏီရဲ့ ရုံးခန်းထဲမှာ ၃ နာရီလောက် အကာအကွယ်ယူပြီး တုံ့ပြန်ဖို့လုပ်ခဲ့ဖူးတဲ့အတွက် အဖမ်းခံရဖူးပါတယ်။
တရားမမှုတွေမှာလည်း စွဲဆိုသူတွေကို ဒေါ်လာသောင်းချီ လျော်ခဲ့ရဖူးသလို အခွန်အချိန်မီမဆောင်တဲ့ ကိစ္စမျိုးကြောင့်လည်း အာဏာပိုင်တွေရဲ့ စွဲချက်တင်ခံရဖူးသူ ဖြစ်ပါတယ်။
ယူကရိန်းကို ထောက်ခံသူဖြစ်ပြီး အသေခံတိုက်ပေးချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ ၂၀၂၂ မှာ ယူကရိန်းကို ကိုယ်တိုင်သွားခဲ့ပြီး စစ်မှာ ပါဝင်တိုက်ဖို့ အဆိုပြုခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ယူကရိန်း-ပိုလန် နယ်စပ်မှာပဲ လှည့်ပြန်ခဲ့ရပါတယ်။
ကိုယ်တိုင်ထုတ်ဝေထားတဲ့ စာအုပ်ရှိပြီး အာဖဂန်၊ ထိုင်ဝမ်၊ မြောက်ကိုရီးယား အရေးတွေကို ရေးသားထားပါတယ်။
မြောက်ကာရိုလိုင်းနား ဒေသခံ ရောက်သ်ဟာ ၂၀၁၇ မှာ ဟာဝိုင်ယီကို ရွှေ့ပြောင်းခဲ့ပါတယ်။ အဲဒီမှာ သိုလှောင်ခန်းတွေနဲ့ အိမ်ငယ်လေးတွေ တည်ဆောက်ပေးတဲ့ ကုမ္ပဏီတခု ၂၀၁၈ မှာ အသစ်ထပ်ထောင်ခဲ့ပါတယ်။
အိမ်ခြေမဲ့တွေအတွက် အဆောက်အအုံတခုတောင် လှူခဲ့ဖူးတယ်လို့ သိရပါတယ်။
ရောက်သ်ဟာ လူမှုကွန်ရက်ပေါ်မှာ ထရမ့်ပ်ကို မကြာခဏ ဝေဖန်လေ့ရှိသူဖြစ်ပြီး ၂၀၁၂ တုန်းက ပါတီစွဲမရှိတဲ့ မဲဆန္ဒရှင်အဖြစ် မှတ်ပုံတင်ထားခဲ့ပါတယ်။ ဒီနှစ် မတ်လမှာတော့ မြောက်ကာရိုလိုင်းနား ဒီမိုကရက် အကြိုရွေးကောက်ပွဲမှာ မဲပေးခဲ့ပါတယ်။
Source-Reuters