မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းက မြို့ကုန်းကျေးရွာကို ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းကနေ စစ်သုံ့ပန်းတယောက် အရှင်ဖမ်းဆီးရရှိမှု ရုပ်သံမှတ်တမ်းကို ဒီဇင်ဘာ ၅ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY PDF) က ထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “တိုက်ပွဲထဲကနေ စစ်သုံ့ပန်းဖမ်းမိတဲ့ အခြေအနေနဲ့ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းကို ကျနော်တို့ဘက်က နွေးနွေးထွေးထွေး ဆက်ဆံတယ်ဆိုတာ ကျန်နေတဲ့ စစ်ကောင်စီလက်အောက်ခံတွေ သိစေချင်တာကြောင့် အခုလို ထုတ်ပြန်ပေးလိုက်တာပါ” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက်ကို အရှင်ဖမ်းဆီးရမိသလို လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရရှိခဲ့ပြီး စစ်သားအလောင်း ၇ လောင်းနီးပါးလည်း ရှိခဲ့တာဖြစ်တယ်လို့ ဒီဇင်ဘာ ၄ ရက်မှာ MDY PDF က ထုတ်ပြန်ထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က “မတ္တရာမြို့ပေါ်ကနေထွက်လာတဲ့ အင်အား ၈၀ ပါ စစ်ကောင်စီစစ်ကြောင်းက မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျနော်တို့ ထိန်းချုပ်စိုးမိုးထားတဲ့ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။ အဲဒီစစ်ကြောင်းနဲ့ပဲ ၃ ရက်နေ့ တနေကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့ပြီးတော့ ညနေပိုင်းမှာတော့ အဲဒီစစ်ကြောင်းက မတ္တရာမြို့ထဲကို ပြန်ဆုတ်သွားပါတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ သူတို့ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ တပ်စခန်းတွေနဲ့ နယ်မြေတွေကို ပြန်လည်ရရှိဖို့ ကြိုးစားပြီး ထိုးစစ်ဆင်နေပေမဲ့ သိမ်းပိုက်ရရှိထားတဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ နယ်မြေတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အပြည့်အဝ ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။