Home
မြန်မာသတင်း
မော်ကျွန်းတွင် စစ်တပ်က ကျားဖောင်လုပ်ငန်းရှင်များထံက အဓမ္မငွေတောင်းနေ
DVB
·
December 5, 2024
Photo-MM

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်က ပင်လယ်ကျားဖောင်လုပ်ငန်းရှင်တွေ လုပ်ငန်းလုပ်ခွင့်ရဖို့ စစ်ကောင်စီတပ်ကို ကျပ်သိန်းဆယ်ချီ ပေးနေရတယ်လို့ ပင်လယ်ကျားဖောင် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က ပင်လယ်ကျားဖောင်လုပ်ငန်းတွေကို စစ်ဆေးနေပြီး ငါးဖမ်းခွင့်ရဖို့ အထက်တင်ပြရမယ်လို့ဆိုကာ ကျားဖောင်လုပ်ငန်းရှင်တယောက်ကို ကျပ်သိန်း ၄၀ အထိ တောင်းယူနေတာလို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

ကျားဖောင်းလုပ်ငန်းရှင်တယောက်က “တောင်းတဲ့ငွေမပေးရင်တော့ တာဝန်မယူဘူးပေါ့။ အချိန်အရွေး အဖမ်းခံရနိုင်တယ်ပေါ့ ပြောတာ။ သိန်း ၄၀ တောင်တောင်းတာ။ အလုပ်လုပ်ဖို့ကလည်း အကုန်ပြင်ဆင်ထားပြီဖြစ်တော့ ပေးလုပ်ရတာပဲ မတတ်နိုင်ဘူးလေ” လို့ ပြောပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်မှာ လယ်ကျားဖောင်လုပ်ငန်းကို ဘင်္ဂလားကြီး၊ ရေတွင်းကုန်း၊ လေးဂွကြီး၊ ပန်းဖူးချောင်း၊ နတ်မူး၊ မေဘ၊ ရွာလယ်ချောင်း စတဲ့ဒေသတွေက ကျားဖောင်လုပ်ငန်းကို အဓိက လုပ်ကိုင်ကြတာဖြစ်တယ်လို့ သိရပါတယ်။

ပင်လယ်ကျားဖောင်ဦးစီးတယောက်က “ဒီလို ကျားဖောင်လုပ်ငန်းတွေကို ဒီလိုတောင်းပိုင်ခွင့်တော့ မရှိပါဘူး။ အခုကာလကတော့ စကစ လက်အောက်ခံ အဖွဲ့အစည်းတိုင်းက အကုန် ငွေတောင်းနေတာလေ။ ငွေပေးမှ အဆင်ပြေတော့ ပေးလုပ်နေကြရမှာပေါ့” လို့ ပြောပါတယ်။

အဲဒီ ပင်လယ်ကျားဖောင်လုပ်ငန်းကို အရင်က ကျားဖောင်လုပ်ငန်းရှင်တယောက်အနေနဲ့ ကျားဖောင် ၆ ဖောင်ကနေ ၁၀ ဖောင်အထိ လုပ်ကိုင်ကြတာဖြစ်ပြီး လက်ရှိ စစ်ကောင်စီတပ်ကို ငွေအဆမတန်ပေးရတာ၊ လုပ်သားခဈေးတက်လာတာနဲ့ အခြား အထွေထွေကုန်ကျစရိတ်တွေ ဈေးထိုးတက်နေတာကြောင့် လျှော့ချလုပ်ကိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီပင်လယ်ကျားဖောင်နဲ့ ပင်လယ်ပြင်က ငါး၊ ပုစွန်တွေကို အဓိကထား ဖမ်းယူကြပြီး ပင်လယ်ကျားဖောင်တစီးကို လုပ်သား ၅ ယောက်ကနေ ၁၅ ယောက်အထိ၊ လုပ်သားတယောက်ကို လုပ်အားခ တလ ၂၅၀,၀၀၀ အထိပေး ခေါ်ယူကာ လုပ်ကိုင်ရတာလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013