ဥရောပမီဒီယာလုပ်ငန်း ခေါင်းဆောင်တယောက်က မီဒီယာလုပ်ငန်းအပေါ် ဉာဏ်ရည်တု (AI) ရဲ့ အသွင်ပြောင်း လွှမ်းမိုးမှုကို မီးမောင်းထိုးပြခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ မီဒီယာတွေကြားမှာ ဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့ရဲ့ အရေးပါမှုကို အလေးပေး ပြောကြားခဲ့ပါတယ်။
၁၂ ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ဗီဒီယို မီဒီယာဖိုရမ် (VMF) ကို တရုတ်နိုင်ငံ အရှေ့ပိုင်း ဖှုကျန်းပြည်နယ် ကွမ်ကျိုးမြို့မှာ ဒီဇင်ဘာ ၃ ရက်က ဖွင့်လှစ်ခဲ့ပါတယ်။
နယ်စည်းမခြား ဉာဏ်ရည်ဉာဏ်သွေးများ၊ မိုးကုပ်စက်ဝိုင်းကို ကျော်လွန်တဲ့ အမြော်အမြင်၊ ယဉ်ကျေးမှုနဲ့ ဆက်သွယ်မှုဖလှယ်ရေး မီဒီယာရဲ့ အခန်းကဏ္ဍ ဆိုတဲ့ ခေါင်းစဉ်နဲ့ နှစ်ရက်တာ ကျင်းပတဲ့ ဒီ မီဒီယာဖိုရမ်ကိုတက်ဖို့ နိုင်ငံနဲ့ ဒေသကြီး ၆၀ ကျော်က ပင်မမီဒီယာတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၂၀၀ လောက် တက်ရောက်ခဲ့တာပါ။
တရုတ်မီဒီယာ CGTN နဲ့ အင်တာဗျူးမှာ ကမ္ဘာလုံးဆိုင်ရာ သတင်းပံ့ပိုးသူ European News Exchange ရဲ့ စီမံရေးဒါရိုက်တာ အဒ်ရီယံ ဝဲလ်စ်က ဉာဏ်ရည်တု AI ကို လက်ခံယုံကြည်ပြီး မီဒီယာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးခြင်းအားဖြင့် လုပ်ငန်းနယ်ပယ်ကို ပိုတိုးတက် ကောင်းမွန်လာအောင် လုပ်နိုင်ပုံကို မျှဝေခဲ့ပါတယ်။
“ပညာရှင်ဆန်ဆန် အသံလွှင့်ခြင်းနဲ့ ဒစ်ဂျစ်တယ်လုပ်ငန်းမှာ ကျနော်တို့ဟာ ဒီနည်းပညာကို လက်ခံ ယုံကြည်ဖို့ လိုတယ်ဆိုတာ သိဖို့ လုံလောက်တဲ့ ဉာဏ်ရည်ဉာဏ်သွေး ရှိပါတယ်။ ကျနော်တို့ဟာ အကောင်းဆုံး အစိတ်အပိုင်းတွေကို ရယူရင်း ရှိပြီးသားအရာတွေ၊ အတွေ့အကြုံ၊ ပညာရှင်ဆန်မှု၊ ပရိသတ်တွေအတွက် လုပ်ငန်းတာဝန်တို့အတွက် အခုအခါမှာ မီဒီယာဟာ အလွန်စိန်ခေါ်မှုရှိတဲ့ ပတ်ဝန်းကျင်ထဲ ရောက်နေပါတယ်။ သမားရိုးကျ နည်းလမ်းတွေအတွက် ခြိမ်းခြောက်မှုတွေ အများကြီးရှိတယ်။ AI လို နည်းပညာသစ်တွေကို သုံးကိုသုံးပြီး ကျနော်တို့ကိုယ် ကျနော်တို့ တိုးတက်ပြောင်းလဲအောင် လုပ်ရမယ်၊ မတွန်းလှန်ဘဲ ဆုပ်ကိုင်ထားဖို့ ရှေ့တန်းမှာ နေရလိမ့်မယ်” လို့ ဝဲလ်စ်က ပြောပါတယ်။
မီဒီယာအဖွဲ့အစည်းတွေဟာ လုပ်ဖော်ကိုင်ဖက်တွေဆီက သင်ယူခြင်း၊ အောင်မြင်တဲ့ နည်းဗျူဟာတွေကို လိုက်လျောညီထွေဖြစ်အောင် မွေးစားယူ ကျင့်သုံးခြင်း၊ ကိုယ်ပိုင် လုပ်ငန်းဆောင်တာတွေကို မြှင့်တင်ဖို့ မတူညီတဲ့ ပတ်ဝန်းကျင်တွေက ဖြေရှင်းချက်တွေကို ပေါင်းစပ်ခြင်းအားဖြင့် တိုးတက်အောင် လုပ်ဆောင်နိုင်တယ်လို့လည်း ဝဲလ်စ်က အကြံပြုခဲ့ပါတယ်။
Source : Reuters