ဉာဏ်ရည်တု AI ပါတဲ့ ဒရုန်းတွေဟာ ယူကရိန်းစစ်မြေပြင်မှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေပြီး သုံးနည်းအတွက် တပ်ဖွဲ့ဝင်တွေပို လေ့ကျင့်ကြဖို့ တိုက်တွန်းထားတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေ ဘယ်လိုဆာ့ဗ်က အောက်တိုဘာ ၁၁ ရက်မှာ ပြောပါတယ်။
သူက မျိုးဆက်သစ် ဒရုန်းနည်းပညာတွေအတွက် စင်တာဆီ အလည်အပတ်သွားရင်း ဒရုန်းယာဉ်တွေကို ကိုင်တွယ်မောင်းနှင်သူတွေနဲ့ စကားပြောနေတဲ့ ဗီဒီယိုကို ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
စစ်သားတယောက်က ဝန်ကြီးကို AI စနစ်သုံး အလိုအလျောက် ပုံရိပ်မှတ်သားမှုစနစ် တပ်ဆင်ထားတဲ့ ဒရုန်းနဲ့ မြစ်ငယ်တခုပေါ်က လှေငယ်တစင်းကို သရုပ်ဖော် တိုက်ခိုက်ပြခဲ့ပါတယ်။
ဩဂုတ်လက ရုရှားနယ်စပ်ကို အံ့ဩစရာ ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ယူကရိန်းတပ်တွေကို တွန်းလှန်ဖို့ ယူကရိန်း အရှေ့ပိုင်း၊ ရုရှားနိုင်ငံ ဘယ်လ်ဂိုရော့ဒ်နဲ့ ကာ့က်စ်ဒေသတွေမှာ AI စွမ်းအင်သုံး ဒရုန်းတွေ တပ်ဆင်ထားတဲ့ တပ်ခွဲ ၂ ခုကို ဖြန့်ကျက်ချထားပြီးပြီလို့လည်း ဝန်ကြီးက ပြောပါတယ်။
တိုက်ပွဲက အရမ်းအောင်မြင်တယ်၊ စစ်သားတွေကို လေ့ကျင့်ပေးဖို့ လိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။
မောင်းသူမဲ့လေယာဉ်မစ်ရှင်တွေကို “၂၄ နာရီပတ်လုံး” ထမ်းဆောင်ဖို့ နောက်ထပ် တပ်ဖွဲ့ ၅ ဖွဲ့ကို ဖွဲ့စည်းပြီး ဝန်ထမ်းတွေကို စီစဉ်ထားတယ်လို့ ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
ရုရှားဟာ အခုနှစ်အတွင်း ဒရုန်းအစီးရေ ၁ ဒသမ ၄ သန်းနီးပါးအထိ မောင်းသူမဲ့လေယာဉ် ထုတ်လုပ်မှုကို ၁၀ ဆ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြီးခဲ့တဲ့လက ပြောခဲ့ပါတယ်။
ရုရှားပိုင်နက်အတွင်း စစ်ရေးပစ်မှတ်တွေနဲ့ စွမ်းအင်အခင်းအကျင်းတွေကို တိုက်ခိုက်ဖို့ ယူကရိန်းဟာ စစ်ပွဲအတွင်း ဒရုန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးခဲ့ပြီးပါပြီ။
ရုရှားနိုင်ငံ မော်စကိုမြို့တော် အနောက်ဘက်က တီဗာဒေသမှာရှိတဲ့ အဓိကလက်နက်တိုက် တခုကို အရင်လက အကြီးအကျယ် တိုက်ခိုက်ခဲ့လို့ ပေါက်ကွဲမှုက ငလျင်အရွယ်အစားအထိ ပြင်းထန်ခဲ့ပါတယ်။
Source-Reuters