တောင်ကိုရီးယားဟာ ပြုံယမ်းကို ဒရုန်းနဲ့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး မြောက်ကိုရီယား စစ်အစိုးရကို ဆန့်ကျင်ရေး ဝါဒဖြန့်ချိတဲ့ လက်ကမ်းစာစောင်တွေ အများအပြားကို ဖြန့်ဝေခဲ့တယ်လို့ မြောက်ကိုရီးယားက အခိုင်အမာ စွပ်စွဲလိုက်ပြီး ဒါဟာ လက်နက်ကိုင်ပဋိပက္ခကို ဦးတည်စေနိုင်တဲ့ နိုင်ငံရေး၊ စစ်ရေး လှုံ့ဆော်မှုပဲလို့ မြောက်ကိုရီးယားအစိုးရပိုင် ရုပ်သံလိုင်း KRT က အောက်တိုဘာ ၁၂ ရက်မှာ ဖော်ပြပါတယ်။
သောကြာနေ့က နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြလာတဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ချက်အရ ဆိုးလ်ဟာ ဝါဒဖြန့်လှုပ်ရှားမှုအတွက် ပြီးခဲ့တဲ့ သီတင်းပတ် နဲ့ အခုသီတင်းပတ် အောက်တိုဘာ ၃ ရက်၊ ၉ ရက် နဲ့ ၁၀ ရက် ညအချိန်တွေမှာ ဒရုန်းတွေကို ပြုံယမ်းရဲ့ ကောင်းကင်ယံမှာ ပျံသန်းခဲ့တာဖြစ်ပြီး ဒါဟာ လက်တုံ့ပြန်ဖို့ တောင်းဆိုနေတဲ့ ကျူးကျော် ဝင်ရောက်မှုပဲလို့လည်း စစ်အစိုးရက အခိုင်အမာ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ဒရုန်းတွေနဲ့ လက်ကမ်းစာစောင်တွေရဲ့ ဓာတ်ပုံတွေကိုလည်း အခိုင်အမာ ထုတ်ပြခဲ့ပါတယ်။
ဒါဟာ သူ့ရဲ့မြို့တော်ကို စစ်တပ်က တိုက်ခိုက်တဲ့ နည်းလမ်းအဖြစ် ယူဆနိုင်တဲ့ စိမ့်ဝင်ထိုးဖောက် နှောင့်ယှက်တဲ့ တောင်ပိုင်းကို ဝေဖန်ရှုံချလိုက်ပြီး ဆိုးလ်က တန်ရာတန်ကြေး ပြန်ပေးချေရမယ့် ပြင်းထန်တဲ့ စစ်ရေးတိုက်ခိုက်မှု တခုပဲလို့ မြောက်ကိုရီးယားက ပြောကြားပါတယ်။
အခုလို ခိုးကြောင်ခိုးဝှက် ထိုးဖောက်ဝင်ရောက်ခြင်းဟာ “နိုင်ငံရေးနဲ့စစ်ရေး ရန်စခြင်း"ပဲ လို့ ပြောဆိုပြီးတော့ သူ့စစ်တပ်ဟာ အခြေအနေတိုးတက်မှုကို တုံ့ပြန်ဖို့ ပြင်ဆင်မှုတွေ စတင် လုပ်ဆောင်နေကြောင်းနဲ့ တိုက်ခိုက်မှုအားလုံးကို ချက်ခြင်းလုပ်ဆောင်မယ့် အနေအထားရှိနေပြီ လို့လည်း ပြုံယမ်းက ပြောကြားခဲ့ပါတယ်။
ဆိုးလ်ဟာ ထိုးဖောက်ဝင်ရောက်မှု ထပ်မံ ပြုလုပ်လာမယ်ဆိုရင် ကြိုတင်သတိပေးနေမှာ မဟုတ်ဘဲ ချက်ချင်း တုံ့ပြန်မယ်လို့လည်း ပြုံယမ်း စစ်အစိုးရက ခြိမ်းခြောက်ခဲ့ပါတယ်။
အဲဒီကြေညာချက်အပြီးမှာ မြောက်ကိုရီးယားဟာ အခုနှစ်ထဲ ၂၈ ကြိမ်မြောက်အဖြစ် နယ်စပ်တောင်ဘက်မှာ အမှိုက်ပူဖောင်းအိတ်တွေကို လွှင့်တင်ခဲ့ပါတယ်။
တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များ (JCS) ဟာ မြောက်ကိုရီးယားရဲ့စွပ်စွဲချက်တွေကို အတည် မပြုနိုင်သေးကြောင်း ပြောကြားခဲ့ပြီး တောင်ကိုရီးယား လေပိုင်နက်အတွင်းကို အမှိုက်အိတ် ပူဖောင်းတွေ လွှတ်တင်တတ်တဲ့ ပြုံယမ်းရဲ့ အလေ့အထကိုလည်း ကြေညာချက်ထဲမှာ ကိုးကား ဖော်ပြထားပါတယ်။
Source/ Photo: Reuters