ယူကရိန်း စစ်မြေပြင်မှာ ဉာဏ်ရည်တု (AI) စနစ်သုံး ဒရုန်းတွေဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေပြီး တပ်ဖွဲ့ဝင်တွေအတွက် ဒရုန်းအသုံးပြုနည်းတွေကို လေ့ကျင့်မှုတွေ ပိုလုပ်ထားကြဖို့ တိုက်တွန်းထားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေး ဘဲလိုဆို့ဗ်က အောက်တိုဘာ ၁၁ ရက်မှာ ပြောပါတယ်။
ဝန်ကြီး ဘဲလိုဆို့ဗ်ဟာ မျိုးဆက်သစ် ဒရုန်းနည်းပညာစင်တာကို သွားရောက်ခဲ့ပြီး ဒရုန်းအော်ပရေတာတွေနဲ့ စကားပြောဆိုနေပုံနဲ့ စစ်သားတဦးက AI စနစ်သုံး အလိုအလျောက် ပုံရိပ်မှတ်သားမှု တပ်ဆင်ထားတဲ့ ဒရုန်းရဲ့ သရုပ်ပြတင်ဆက်မှုကို ရိုက်ကူးထားတဲ့ ဗီဒီယိုကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်းအရှေ့ပိုင်းနဲ့ ရုရှားနိုင်ငံ ဘဲလ်ဂရော့ဒ်နဲ့ ကာ့စ်ခ် ဒေသတွေမှာ AI စနစ်သုံး ဒရုန်းတွေ တပ်ဆင်ထားတဲ့ တပ်ဖွဲ့ ၂ ခုကို ဖြန့်ကြက်ခချထားပြီးဖြစ်ကြောင်း၊ သူတို့တွေရဲ့ တိုက်ခိုက်မှုကလည်း လုံးဝ အောင်မြင်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဘဲလိုဆို့ဗ်က ပြောဆိုပါတယ်။
မောင်းသူမဲ့လေယာဉ် မစ်ရှင်တွေကို "နာရီနဲ့အမျှ" တာဝန်ထမ်းဆောင်ဖို့ နောက်ထပ် တပ်ဖွဲ့ယူနစ် ၅ ခုနဲ့ ၀န်ထမ်းတွေကို ဖွဲ့စည်းဖို့ စီစဉ်ထားကြောင်းလည်း ၀န်ကြီးဌာနက ပြောပါတယ်။ စစ်သားတွေကို လေ့ကျင့်မှု လုပ်ပေးဖို့ လိုအပ်ကြောင်းလည်း ဝန်ကြီး ဘဲလိုဆို့ဗ် က ပြောကြားခဲ့ပါတယ်။
ရုရှားဟာ အခုနှစ်အတွင်း ဒရုန်းထုတ်လုပ်မှုကို ၁၀ ဆ တိုးမြှင့်ပြီး အစီးရေ ၁ ဒသမ ၄ သန်းနီးပါးအထိ ရရှိအောင်လုပ်ဆောင်နေတယ်လို့ သမ္မတ ဗလာဒီမာပူတင်က ပြီးခဲ့တဲ့လမှာ ပြောဆိုခဲ့တာပါ။
ယူကရိန်းဟာ ရုရှားပိုင်နက်အတွင်း စစ်ရေးပစ်မှတ်တွေနဲ့ စွမ်းအင်အဆောက်အဦတွေကို တိုက်ခိုက်မှု အပါအဝင် စစ်ပွဲအတွင်းမှာ ဒရုန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ပြီး ဖြစ်ပါတယ်။
Source/ Photo: Reuters