Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်တပ် ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ကလေး ၁ ဦးသေဆုံး
DVB
·
October 3, 2024

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အနောက်မော်တုန်းရွာမှာ စစ်ကောင်စီအမြောက်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ်ရှေ့ ပုခက်ပေါ်မှာ အိပ်နေတဲ့ အသက် ၆ နှစ်အရွယ် မဂျူဝိုင်လီယာ ဦးခေါင်းထိမှန် သေဆုံးခဲ့တယ်လို့ ရွာခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၂ ရက် ညနေ ၅ နာရီ မိနစ် ၄ဝ လောက်မှာ မော်တုန်းရွာအခြေစိုက် ၃ဝ၆ အမြောက်တပ်ကနေ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်စဉ် မဂျူဝိုင်လီယာ သေဆုံးခဲ့တာလို့ အနောက်မော်တုန်းရွာခံတယောက်က‌ ပြောပါတယ်။

စာသင်ကျောင်းနဲ့ ဘေးချင်းကပ်လျက်က အဘိုးဖြစ်သူရဲ့ နေအိမ်အရှေ့ရှိ ပုခက်ပေါ်မှာ အိပ်နေစဉ်‌ ပေါက်ကွဲအားကောင်းတဲ့ ဗုံးသီးအမျိုးအစားတလုံးက စာသင်ကျောင်းနဲ့ နေအိမ်ကြား ကျရောက်ပေါက်ကွဲကာ ပေ ၂ဝဝ အကွာအဝေးရှိ ပုခက်ပေါ်မှာ အိပ်ပျော်နေတဲ့ မိန်းကလေးရဲ့ ဦးခေါင်းကို ကျည်အစထိမှန်သွားတာလို့ အခင်းဖြစ်တဲ့နေရာကို သွားရောက်ကြည့်ရှုခဲ့တဲ့ ရွာသားတယောက်က ပြောပါတယ်။

“၃ဝ၆ အမြောက်တပ်ရင်းက ပစ်တာပါ။ တပ်ရင်းနဲ့ အနောက်မော်တုန်းရွာနဲ့ဆို ၂ မိုင်ခွဲလောက် အကွာအဝေးရှိမယ်။ ကလေးမက စာသင်ကျောင်းနားက အဘိုးအိမ်ရှေ့က ပုခက်ပေါ်မှာ ရှိနေတာပါ။ ဗုံးသီးတလုံးကျတော့ အိမ်လည်း တခြမ်းပြိုသွားတယ်။ ကလေးမ ဦးခေါင်းမှာလည်း ကျည်စထိပြီး ပွင့်ထွက်သွားတယ်။”

ပထမဆုံး ကျရောက်ပေါက်ကွဲတဲ့ ဗုံးသီးမှာပဲ ထိမှန်ခဲ့တာဖြစ်ပြီး ဒုတိယတလုံးမှာတော့ စာသင်‌ကျောင်းပေါ်ကို ကျရောက်ပေါက်ကွဲကာ ကျောင်းခေါင်မိုးနဲ့ ပြတင်းပေါက်မှန်တွေအပြင် အသုံးအဆောင်ပစ္စည်းတွေပါ အကုန်ကျိုးပဲ့ပျက်စီးသွားတာကို ရွာခံတွေပေးပို့တဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ သိရပါတယ်။

ဗုံးသီးချတိုက်ခိုက်တဲ့နေ့က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ‌စာသင်ကျောင်းကို အဓိကပစ်မှတ်ထား တိုက်ခိုက်တာလို့ ‌ရွာခံတွေက ပြောပါတယ်။

အသက် ၆ နှစ်အရွယ် မိန်းကလေးမှာ ဗုံးသီးထိမှန်ပြီးနောက် ည ၈ နာရီလောက်မှာ ပြင်းထန်ဒဏ်ရာကြောင့် အသက်သေဆုံးခဲ့ရကာ အောက်တိုဘာ ၃ ရက် မနက် ၁ဝ နာရီဝန်းကျင်က အနောက်မော်တုန်းရွာမှာပဲ မြေမြှုပ်သင်္ဂြိုဟ်လိုက်တယ်လို့ ပြောပါတယ်။

ရွာခံအမျိုးသားက “ဒဏ်ရာက ပြင်းထန်တယ်။ ညတွင်းချင်း ဆေးရုံဆေးခန်း သွားဖို့ကလည်း အလှမ်းဝေးတာလေ။ ပြီးတော့ ညမထွက်ရအမိန့်တွေကြောင့်လည်း တော်ရုံဆို ဆေးသွားမကုရဲကြဘူး။ ဦးခေါင်းပွင့်သွားတယ်ဆိုတော့ ကုဖို့က မလွယ်တော့ဘူး။ သူ့အဖေကလည်း မြိတ်ကိုရောက်နေတာပါ” လို့ ပြောပါတယ်။

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီက မကြာခဏ ဒရုန်းအသုံးပြုပြီး ပြည်သူ‌တွေနေထိုင်တဲ့ ရွာတွေထဲကို ဗုံးသီးချတိုက်ခိုက်မှု လုပ်‌ဆောင်လာတာ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာလည်း တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် အသက်သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၅ ယောက်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013