မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေရဲစခန်းက ရဲတပ်ဖွဲ့၀င် တယောက်ဟာ စက်တင်ဘာ ၂၃ ရက်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်း၀င်ရောက်လာတယ်လို့ မြစ်ခြေ-ကျွန်းချောင်း တော်လှန်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
မြစ်ခြေ-ကျွန်းချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MC–KC DF) ရဲ့ တာ၀န်ခံတယောက်က “မြစ်ခြေရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့၀င်တပ်သားအဆင့်ရှိတဲ့သူဖြစ်ပါတယ်။ ကျနော်တို့အဖွဲ့ဆီကို ကြိုတင်ဆက်သွယ်ပြီးတော့မှ အလင်း၀င်ခဲ့တာပါ။ သူ့ကို သတ်မှတ်ထားတဲ့ ဆုကြေးငွေတွေ ပေးအပ်ပြီး လုံခြုံစိတ်ချရတဲ့နေရာကို ပို့ဆောင်ပေးဖို့ စီစဥ်ဆောင်ရွက်နေ ပါတယ်” လို့ ပြောပါတယ်။
အဆိုပါရဲတပ်သားဟာ G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၉၈ တောင့်၊ လက်ပစ်ဗုံး ၁ လုံးတို့နဲ့အတူ အလင်း၀င်ရောက်လာတာ ဖြစ်ပါတယ်။
စက်တင်ဘာ ၁၄ ရက်နဲ့ ၁၅ ရက် တွေမှာလည်း မြစ်ခြေမြို့ပေါ်က စစ်ကောင်စီတပ်သားတွေ အထိုင်ချနေထိုင်ကြတဲ့ နေရာတွေကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေက ၀င်ရောက် တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရာရခဲ့ ပါတယ်။
ABSDF Column-3 ရဲ့ ပြန်ကြားရေးတာ၀န်ခံက “မြစ်ခြေရဲစခန်းနဲ့ စစ်သားတွေ တပ်စွဲနေတဲ့နေရာတွေကို ၂ ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က ၂ ရက်ပေါင်း ၆ ယောက်သေတာတော့ မျက်မြင်တွေ့ခဲ့ရတယ်” လို့ ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ABSDF Column-3၊ Black Eagle Drone Force နဲ့ ဒေသတွင်း Drone တပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ် ပါတယ်။