Home
မြန်မာသတင်း
ရန်ကုန်သပိတ်ရဲဘော် ၂ ဦးကို ချက်ချင်းပြန်လွှတ်ပေးရန် AI တောင်းဆို
DVB
·
October 11, 2024

စစ်အုပ်စုက ဖမ်းဆီးထားတဲ့ ရန်ကုန်သပိတ်ရဲဘော် ၂ ဦးကို ချက်ချင်းပြန်လွှတ်ပေးဖို့ Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်မြို့တွင်းမှာ လုံခြုံရေးတင်းကျပ်စစ်ဆေးနေတဲ့ စစ်ကောင်စီက ဧည့်စာရင်းစစ်တာကို အကြောင်းပြပြီး နေအိမ်ကို ဝင်ရောက်စစ်ဆေးခဲ့မှုကြောင့် အောက်တိုဘာ ၉ ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon – AJAY)ရဲ့ ဦးဆောင်သူ ကိုပိုင်ဖြိုးမင်း(ခ)ဒီရေ နဲ့အတူ သပိတ်ရဲဘော်က ဒဂုံတက္ကသိုလ် ကျောင်းသားဟောင်းတယောက် ဖြစ်တဲ့ ကိုရှိန်းဝေအောင်တို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

AI အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ ဂျိုး ဖရီးမင်းက “ပိုင်ဖြိုးမင်းနဲ့ ရှိန်းဝေအောင်တို့ မိသားစုရဲ့ တည်နေရာကို မြန်မာစစ်တပ်က အရေးတကြီး စာရင်းပြထုတ်ပြန်ပေးရပါမယ်။ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ရာဇ၀တ်မှုတခုခုနဲ့ တရားစွဲလို့မရရင် ချက်ချင်း ခြွင်းချက်မရှိ ပြန်လွှတ်ပေးရမယ်။ အာဆီယံခေါင်းဆောင်တွေဟာ လာအိုမှာ တွေ့ဆုံပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကနေ ဖြစ်ပေါ်လာတဲ့ အကျပ်အတည်းတွေက လွတ်မြောက်ဖို့ နည်းလမ်းတွေ ဆွေးနွေးနေချိန်မှာပဲ မြန်မာစစ်တပ်က ပြည်သူတွေကို မတရားဖမ်းဆီးပြီး နိုင်ငံအနှံ့ ဖိနှိပ်မှုတွေ ဆက်လက်လုပ်ဆောင်နေကြတယ်” လို့ ပြောပါတယ်။

လတ်တလောမှာတော့ ကိုပိုင်ဖြိုးမင်းကို မိသားစုဝင်တွေက အဆက်အသွယ်လုပ်မရဘဲ ဖြစ်နေသလို  ကိုရှိန်းဝေအောင်အပါအဝင် သူ့ရဲ့ ဖခင်၊ မိခင်၊ ညီမဖြစ်သူတို့ကိုလည်း ဆက်သွယ်မရဘဲ ဖြစ်နေတယ်လို့ သိရပြီး စစ်အုပ်စုရဲ့ အဆိုပါ စီးနင်းမှုထဲ နောက်ထပ် လူ ၆ ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ယူဆရကြောင်း AI အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“ဒီကနေ့ မြန်မာနိုင်ငံမှာ ဆန္ဒပြတာက အာဏာသိမ်းမှုမတိုင်ခင်ကနဲ့ မတူပါဘူး။ စစ်တပ်ကို ဆန့်ကျင်တဲ့ သဘောထားကွဲလွဲမှုမျိုးမှာ ပါဝင်ပတ်သက်သူတိုင်းဟာ နှစ်ရှည်ထောင်ဒဏ်တွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ချုပ်နှောင်ထားခံရပြီး သေလောက်တဲ့အထိ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်” လို့ ဂျိုး ဖရီးမန်းက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်စနစ်မှာ တရားမျှတတဲ့ ဆက်ဆံမှု၊ ပွင့်လင်းမြင်သာမှု မရှိတာတွေ၊ အလွန်တရာ အောက်တန်းကျတဲ့ အခြေအနေတွေအောက်မှာ မျှော်လင့်ချက် နည်းပါးပြီး အခုဖမ်းခံလိုက်ရတဲ့ တက်ကြွလှုပ်ရှားသူ လူငယ် ၂ ဦးကို ပို့ဆောင်နိုင်ဖွယ်ရှိတဲ့ စစ်ကြောရေးစင်တာတွေက စွဲချက်မတင်မီ သတင်းအချက်အလက်တွေ ရနိုင်သမျှ ထုတ်ယူဖို့ ညှဉ်းပန်းနှိပ်စက်မှုတွေကို အသုံးပြုခဲ့တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နေရာတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်က အရပ်သား ၅,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့သလို ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR)က နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာတော့ ဖမ်းဆီးထိန်း သိမ်းခံထားရသူတွေထဲက အနည်းဆုံး ၁,၈၅၃ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013