မလေးရှားအစိုးရဟာ နိုင်ငံလုံးဆိုင်ရာ cloud မူဝါဒကို ဖန်တီးပြီး ဉာဏ်ရည်တု (AI) ကို ကျင့်ဝတ်နဲ့အညီ အသုံးပြုရေး အားပေးဖို့ စည်းမျဉ်းတွေ ချမှတ်ဖို့ စီစဉ်နေတယ်လို့ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။
cloud နဲ့ AI ဝန်ဆောင်မှုတွေအတွက် ဝယ်လိုအားကို ဖြည့်ဆည်းပေးဖို့ အရေးကြီးတဲ့ အခြေခံအဆောက်အဦတွေ တည်ဆောက်ရေး ကြိုးပမ်းနေချိန်မှာ မလေးရှားနိုင်ငံထဲက ကမ္ဘာလုံးဆိုင်ရာ နည်းပညာကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမယ့်လှိုင်းတွေ ပေါ်ပေါက်နေချိန်မှာ ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံရဲ့ နိုင်ငံလုံးဆိုင်ရာ cloud မူဝါဒဟာ အများသူငှာဝန်ဆောင်မှု တီထွင်ဆန်းသစ်မှုနဲ့ ထိရောက်မှု၊ စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်းနဲ့ တိုးတက်မှု၊ သုံးစွဲသူတွေရဲ့ ယုံကြည်မှုနဲ့ သတင်းအချက်အလက် ဒေတာလုံခြုံရေးကို အားကောင်းလာစေဖို့ ဒစ်ဂျစ်တယ် ပါဝင်မှုကနေတဆင့် နိုင်ငံသားတွေ စွမ်းဆောင်ရည်မြှင့်တင်ပေးမယ့် အဓိကကဏ္ဍ ၄ ခုကို အာရုံစိုက်မယ်လို့ အန်နဝါက ပြောပါတယ်။
လာမယ့် ၁၂ လအတွင်း အစိုးရအနေနဲ့ ကျင့်ဝတ်နဲ့ ရေရှည်တည်တံ့တဲ့ AI ကို ပိုတိုးမြှင့်ကျင့်သုံးဖို့ ၅ နှစ်ကြာ နည်းပညာဆိုင်ရာစီမံချက်နဲ့ စည်းမျဉ်းစည်းကမ်း မူဘောင်တွေကို ပြီးအောင်လုပ်ဖို့ အပါအဝင် အစပျိုးတာတွေကို ညှိနှိုင်းဆောင်ရွက်ဖို့ အမျိုးသား AI ရုံးကိုလည်း တည်ထောင်သွားမယ်လို့ အန်နဝါက ဆက်ပြောပါတယ်။
မလေးရှားနိုင်ငံကို တီထွင်ဖန်တီးနိုင်တဲ့ ဉာဏ်ရည်တုဆိုင်ရာ ဗဟိုအချက်အချာအဖြစ် နေရာယူထားပြီး နည်းပညာမိတ်ဖက်တွေဆီက ရင်းနှီးမြှုပ်နှံမှုတွေက ခိုင်မာပြီး လုံခြုံတဲ့ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံကို တည်ဆောက်ရာမှာ အရေးပါလိမ့်မယ်လို့ အန်နဝါက Google ရဲ့ ဒေါ်လာ ၂ ဘီလီယံတန် ဒေတာစင်တာ အသစ်နဲ့ cloud ဒေသအတွက် (GOOGL.O) ဖွင့်ပွဲအခမ်းအနားမှာ ပြောပါတယ်။
အချုပ်အခြာအာဏာပိုင် cloud ဝန်ဆောင်မှုတွေပေးဖို့ ဒေသတွင်းနည်းပညာကုမ္ပဏီတခုနဲ့ နှစ်ရှည်ပူးပေါင်းလုပ်ဆောင်မယ်လို့ အခုသီတင်းပတ်မှာ ကြေညာခဲ့တဲ့ Google ရဲ့ မလေးရှားတွင်း ရင်းနှီးမြှုပ်နှံမှုတွေဟာ အလုပ်အကိုင် ၂၆,၅၀၀ ကို ဖန်တီးပေးမှာဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်မှာ စီးပွားရေးအတွက် ဒေါ်လာ ၃ ဘီလီယံကျော် ပံ့ပိုးပေးမယ်လို့ ပြောခဲ့ပါတယ်။
Google ဥက္ကဋ္ဌနဲ့ ရင်းနှီးမြှုပ်နှံမှုအရာရှိချုပ် ရုသ်ပိုရတ်က “ကျနော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ မြင့်မားတဲ့ စွမ်းဆောင်ရည်နဲ့ ယုံကြည်စိတ်ချရမှု၊ နိုင်ငံတဝန်း cloud နဲ့ AI ဝန်ဆောင်မှုတွေအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ဒီဇိုင်းထုတ်ထားတာပါ”လို့ ပြောပါတယ်။
Source-Reuters