Home
မြန်မာသတင်း
မြန်မာ့အကျပ်အတည်းအား ထိရောက်စွာ အရေးယူဆောင်ရွက်သွားရန် ကုလကို မလေးရှား တိုက်တွန်း
DVB
·
September 30, 2024
Photo Credit: Wisma Putra

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် တိကျ ပြတ်သားတဲ့ အရေးယူ ဆောင်ရွက်ချက်တွေ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ကုလသမဂ္ဂကို တိုက်တွန်း ပြောကြားခဲ့တဲ့အကြောင်း မလေးရှားသတင်းဌာန Bernama မှာ စက်တင်ဘာ ၂၈ ရက်က ဖော်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာ အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မှာကျင်းပတဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) ရဲ့ ဆက်စပ်အစည်းအဝေးအနေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နဲ့ သီးခြား တွေ့ဆုံရာမှာ အခုလို တိုက်တွန်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တွေ့ဆုံစဉ်အတွင်း မြန်မာနဲ့ ပါလက်စတိုင်းဒေသတွေမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ မလေးရှားနိုင်ငံအနေနဲ့ အကြီးအကျယ် စိုးရိမ်မိကြောင်း မိုဟာမက်က ပြောကြားခဲ့ပြီး  ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပြန်လည် ထိန်းသိမ်းနိုင်ရေးအတွက် ထိရောက်တဲ့ အရေးယူမှု‌တွေကို တိုးမြှင့် ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂကို တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် ပဋိပက္ခတွေဒဏ်ခံစားနေရတဲ့ အရပ်သားပြည်သူ သန်းပေါင်းများစွာအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ချက်ချင်း ပေးအပ်သွားဖို့လည်း မိုဟာမက်က အလေးပေး ပြောကြားခဲ့ပါတယ်။

မလေးရှားနိုင်ငံဟာ လာမယ့် ၂၀၂၅ ခုနှစ်မှာ ထမ်းဆောင်သွားရမယ့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်အတွက် ကြိုတင်ပြင်ဆင်မှုနဲ့အတူ ကုလသမဂ္ဂနဲ့ မလေးရှားနိုင်ငံတို့ကြား ပူးပေါင်း ဆောင်ရွက်သွားနိုင်ဖွယ်ရှိတဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးခဲ့ကြပါတယ်။

မိုဟာမက်ဟာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အနေနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မလေးရှားနိုင်ငံကို ကိုယ်စားပြု တက်ရောက်နေတာ ဖြစ်ပြီး စက်တင်ဘာ ၂၄ ရက်မှ ၃၀ ရက်အထိ ကျင်းပတဲ့ အဆင့်မြင့်အရာရှိများ အထွေထွေတွေ့ဆုံဆွေးနွေးပွဲမှာလည်း ထုတ်ပြန်ချက် တစောင် ထုတ်ပြန်သွားဖို့ စီစဉ်ထားပါတယ်။  

Source: Bernama

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013