Home
နိုင်ငံတကာ
AI ကို လေ့လာတွေ့ရှိခဲ့သည့် ပညာရှင် ၂ ဦး ရူပဗေဒနိုဘယ်ဆု ချီးမြှင့်ခံရ
DVB
·
October 9, 2024
Photo-Reuters

သိပ္ပံပညာရှင်တွေဖြစ်ကြတဲ့ ဂျက်ဖရီ ဟင်တန်နဲ့ ဂျွန်ဟော့ပ်ဖီးလ်တို့ဟာ အသိဉာဏ်ရည်တု (AI) လေ့လာချက်အရ  ၂၀၂၄ ခုနှစ် ရူပဗေဒပညာရပ်ဆိုင်ရာ နိုဘယ်ဆုချီးမြှင့်ခံခဲ့ရ ပါတယ်။

ဆွီဒင်နိုင်ငံ စတော့ခ်ဟုမ်းမြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း တော်ဝင်သိပ္ပံအကယ်ဒမီက ဆုရရှိသူတွေကို ကြေညာခဲ့တာပါ။

AI အသိဉာဏ်ရည်တုစနစ်မှာ စက်တွေရဲ့ ကိုယ်တိုင် လေ့လာနိုင်စွမ်းဟာ အဓိက သော့ချက်ဖြစ်ပြီး ဒါမှသာ ကွန်ပျူတာက အချက်အလက်တွေကို ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဆုရသိပ္ပံပညာရှင် ၂ ယောက်ရဲ့ လေ့လာတွေ့ရှိချက်ဟာ မျက်နှာမှတ်သားတဲ့စနစ်နဲ့ ဘာသာပြန်တဲ့ ကိစ္စရပ်တွေ အပါအဝင် လူတွေရဲ့ နေ့စဉ်ဘဝမှာ တစိတ်တပိုင်း ဖြစ်လာခဲ့တယ်ဆိုပြီး ဖော်ပြထားပါတယ်။

ဒါ့အပြင် ရာသီဥတု ခန့်မှန်းတွက်ချက်တဲ့ မော်ဒယ်တွေ၊ အလင်းစွမ်းအင်ကနေ လျှပ်စစ်ဓာတ်အားကို ပြောင်းလဲပေးတဲ့ ဆိုလာဆဲလ်တွေနဲ့ ဆေးဘက်ဆိုင်ရာ ဓာတ်မှန်ပညာအပေါ် ခွဲခြမ်းလေ့လာမှုအထိ ပါဝင်တယ်လို့လည်း ဆိုပါတယ်။

AI နည်းပညာရဲ့ ခေါင်းကိုင်ဖခင်အဖြစ် သိထားကြတဲ့ အသက် ၇၆ နှစ်အရွယ် ဟင်တန်ကတော့ ဆုချီးမြှင့်ခံရမှုကို အံ့အားသင့်ခဲ့ရကြောင်း မှတ်ချက်ပေးပါတယ်။

ChatGPT လိုမျိုး လက်ရှိ AI စနစ်တွေရဲ့ အစဖြစ်တဲ့ ကွန်ရက်တွေကို ပါမောက္ခ ဟင်တန်က သုတေသန ပြုလုပ်ခဲ့တာပါ။

၂၀၂၃ ခုနှစ်မှာ Google ကုမ္ပဏီကနေ နုတ်ထွက်ခဲ့ပြီးနောက် ဟင်တန်ဟာ လူသားတွေထက် သာလွန်လာမယ့် စက်တွေရဲ့ အန္တရာယ်ကို သတိပေးခဲ့သူလည်း ဖြစ်ပါတယ်။

အသက် ၉၁ နှစ်ရှိပြီဖြစ်တဲ့ ဂျွန်ဟော့ပ်ဖီးလ် ကတော့ နာမည်ကြီး ပရင်စတန် တက္ကသိုလ်ရဲ့  ပါမောက္ခတယောက် ဖြစ်ပြီး ဗြိတိန်-ကနေဒါ နှစ်နိုင်ငံသား ခံယူထားသူ ဟင်တန်ကတော့ တိုရွန်တိုတက္ကသိုလ်မှ ဖြစ်ကြောင်း သိရပါတယ်။

အခုလိုမျိုး ဆုရရှိသူတွေက ဒေါ်လာ ၁ သန်းကျော်နဲ့ညီမျှတဲ့ ငွေကြေးထောက်ပံ့မှုကို ခွဲယူရမှာ ဖြစ်ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024