Home
နိုင်ငံတကာ
microRNA တွေ့ရှိသည့် အမေရိကန်ပညာရှင် ၂ ဦး ဆေးပညာနိုဘယ်ဆု ရရှိ
DVB
·
October 8, 2024
Photo - Christine Olsson/TT News Agency/via REUTERS

microRNA ရှာဖွေတွေ့ရှိမှုနဲ့ ဆဲလ်တခုထက်ပိုတဲ့ သက်ရှိတွေ ရှင်သန်ကြီးထွားမှုမှာ microRNA ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍအကြောင်း လေ့လာမှုအတွက် အမေရိကန် သိပ္ပံပညာရှင် ဗစ်တာအမ်ဘရော့စ်နဲ့ ဂယ်ရီ ရက်ဗ်ကန်တို့ ၂ ယောက်ကို ၂၀၂၄ ခုနှစ်အတွက် ဆေးပညာနိုဘယ်ဆု ချီးမြှင့်လိုက်ကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ကြေညာပါတယ်။

တဦးတယောက်မှာရှိတဲ့ ဆဲလ်တွေအားလုံးဟာ တူညီတဲ့ မျိုးဗီဇအစု၊ ကြီးထွားမှုနဲ့ ရှင်သန်မှုအတွက် တူညီတဲ့ လမ်းညွှန်ချက် ပါဝင်ပေမဲ့လည်း ကြွက်သားနဲ့ အာရုံကြောဆဲလ်တွေလို မတူညီတဲ့ အမျိုးအစားတွေအဖြစ် ဘယ်လိုမျိုး အထူးပြုပြီး ဖွံ့ဖြိုးသလဲ ဆိုတာကို ရှင်းပြနိုင်ဖို့ ဒီပညာရှင် ၂ ယောက်ရဲ့ လေ့လာမှုက ကူညီပေးခဲ့ပါတယ်။

လူသားအပါအဝင် ဆဲလ်တခုထက်ပိုတဲ့ သက်ရှိတွေအတွက် အခြေခံကျတဲ့ မျိုးဗီဇစည်းမျဉ်းရဲ့ လုံးဝသစ်ဆန်းတဲ့ အခြေခံသဘောတရားကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆုရွေးချယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

“microRNA ဆိုတာ ရှုပ်ထွေးတဲ့ ဖွဲ့စည်းပုံ၊ လုပ်ဆောင်ချက်အမျိုးမျိုးကို ဖန်တီးဖို့ ကျုပ်တို့ ခန္ဓာကိုယ်က ဆဲလ်တွေကို လုပ်ဆောင်နိုင်စွမ်းရှိစေတဲ့ မျိုးဗီဇတွေအကြားက ဆက်သွယ်ရေးကွန်ရက်တခု ဖြစ်တယ်” လို့ နိုဘယ်ဆုရှင် အမ်ဘရော့စ်က ရှင်းပြပါတယ်။

အမ်ဘရော့စ်ဟာ မက်ဆာချူးဆက်တက္ကသိုလ် ဆေးကျောင်းက ပါမောက္ခဖြစ်ပြီး ရက်ဗ်ကန်ကတော့ ဟားဗတ်ဆေးကျောင်းက ပါမောက္ခဖြစ်ပါတယ်။

၁၉၈၀ ပြည့်လွန်နှစ်တွေမှာ သူတို့ ၂ ယောက်ဟာ ရောဘတ်ဟော့ဗစ်ဇ်ရဲ့ ဓာတ်ခွဲခန်းမှာ ဒေါက်တာဘွဲ့အတွက် ၁ မီလီမီတာ သံလုံးကောင်ကို သုတေသနလေ့လာမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ရောဘတ်ဟော့ဗစ်ဇ် ကိုယ်တိုင်လည်း ၂၀၀၂ မှာ နိုဘယ်ဆု ရခဲ့ပါတယ်။

သူတို့ရဲ့ လေ့လာမှုမှာ သံလုံးကောင်ထဲမှာရှိတဲ့ အချို့သော microRNA တွေဟာ အင်္ဂါအစိတ်အပိုင်းတွေနဲ့ တစ်သျှူးမျှင်တွေ ဖွံ့ဖြိုးမှုကို ကူညီပေးတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013