ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် ဉာဏ်ရည်တု AI ဆိုင်ရာ ဗျူဟာကိစ္စတွေကို တရုတ်နိုင်ငံ စီးပွားရေးမြို့တော် ရှန်ဟိုင်းမှာ ဆွေးနွေးခဲ့ ကြပါတယ်။
ဉာဏ်ရည်တုကြောင့် ဖြစ်လာတဲ့ ဘေးအန္တရာယ်တွေကို ထိထိရောက်ရောက် စီမံခန့်ခွဲရင်း ဉာဏ်ရည်တုရဲ့ ကောင်းကျိုးတွေကို ဘယ်လို ထိန်းချုပ် အသုံးချမလဲ ဆိုတာနဲ့ ဉာဏ်ရည်တုကြောင့် ပြောင်းလဲလာမယ့် သက်ရောက်မှုတွေအပေါ် အမြင်တွေကို ဖလှယ်ဖို့ ကမ္ဘာတဝန်းက သိပ္ပံပညာရှင်တွေ ရာချီပြီး ဒီဖိုရမ်ကို တက်ရောက်နေကြတာပါ။
သိပ္ပံပညာမှာ ထူးချွန်မှုဆိုတဲ့ ခေါင်းစဉ် အောက်မှာ ၃ ရက်ကြာ ကျင်းပတဲ့ ဒီဖိုရမ်ကို သောကြာနေ့က ဖွင့်လှစ်ခဲ့ပြီး နိုင်ငံပေါင်း ၂၀ ကျော်က သိပ္ပံပညာရှင် အယောက် ၃၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။
တက်ရောက်သူတွေထဲမှာ နိုဘယ်ဆုရှင် ၁၁ ဦး၊ တရုတ် သိပ္ပံနဲ့ အင်ဂျင်နီယာ တက္ကသိုလ်တို့က ပညာရှင် အယောက် ၄၀ ကျော်တို့ ပါဝင်ခဲ့ပါတယ်။
ဒီဖိုရမ်မှာ ခေါင်းစဉ်အလိုက် ဆွေးနွေးပွဲ ၁၀ ခုပါပြီး အဆင့်မြင့် ကုန်ကြမ်းတွေ၊ ကွမ်တမ်သိပ္ပံ၊ သက်ရှိဆိုင်ရာသိပ္ပံ၊ သတင်းနည်းပညာနဲ့ ဉာဏ်ရည်ဆိုင်ရာ သိပ္ပံတို့ အပါအဝင် ရှေ့တန်း နယ်ပယ်တွေကို ဆွေးနွေးခဲ့တာပါ။
ဖိုရမ်ရဲ့ အဓိကသော့ချက် အနေနဲ့ စဉ်ဆက်မပြတ် လူသားဖွံ့ဖြိုးတိုးတက်မှုအတွက် ဉာဏ်ရည်တု AI တွေကို အုပ်ချုပ်မှု မူဘောင်ကို ဖော်ဆောင်ရာမှာ၊ သိပ္ပံပညာရှင်တွေဟာ လေးနက်တဲ့ လူ့အဖွဲ့အစည်းပြောင်းလဲမှုကို တွန်းအားပေးဖို့နဲ့ သိပ္ပံနည်းကျသုတေသနကို ပြန်ပုံဖော်ဖို့ ဉာဏ်ရည်တု နည်းပညာကနေ ပေါ်ပေါက်လာတဲ့ ကျင့်ဝတ်ဆိုင်ရာ စိန်ခေါ်မှုတွေ၊ စည်းမျဉ်းစည်းကမ်းလိုအပ်ချက်တွေနဲ့ ပတ်သက်လို့ ထိုးထွင်းသိမြင်နားလည်မှုတွေကို မျှဝေရင်း AI ရဲ့ အလားအလာကို စူးစမ်းရှာဖွေခဲ့ကြ ပါတယ်။
AI ရဲ့ ပညာရပ်နယ်ပယ် တခုမက သက်ဆိုင်နေတဲ့ အသုံးဝင်မှုတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှု မူဘောင်ကို ထူထောင်ခြင်းဟာ ဧည့်သည်တော်တွေကြားမှာ လူကြိုက်များတဲ့ ခေါင်းစဉ်တွေ ဖြစ်ခဲ့ပါတယ်။ အခု ကျယ်ပြန့်တဲ့ AI ဉာဏ်ရည်တု အသုံးချခြင်းခေတ်ကို ရောက်နေပြီလို့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြပါတယ်။
Source-Reuters