Home
နိုင်ငံတကာ
AI စက်ရုပ်ရေးဆွဲသည့် ပန်းချီကား ဒေါ်လာ ၁ သန်းဖြင့်ရောင်းရ
DVB
·
November 10, 2024
Photo: Reuters

လူတူစက်ရုပ်အနုပညာရှင် အိုင်ဒါ (Ai-Da) ရဲ့ ပန်းချီကားတချပ်ကို Sotheby's လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၁ သန်းကျော်နဲ့ ရောင်းချခဲ့ပြီး သမိုင်းမှတ်တိုင်စိုက်ထူခဲ့ပါတယ်။

လူတူစက်ရုပ်တခုရဲ့ အနုပညာလက်ရာကို နာမည်ကြီးလေလံကုမ္ပဏီကနေ ရောင်းချတာ ပထမဆုံးအကြိမ်လည်း ဖြစ်ပြီး 'အေအိုင် ဘုရားသခင်' လို့ နာမည်ပေးထားတဲ့ ဒီပန်းချီကားဟာ ခေတ်သစ်ကွန်ပျူတာစနစ်ရဲ့ ဖခင်ကြီးလို့ တင်စားကြတဲ့ Alan Turing ကို ပုံဖော်ထားတဲ့ ၇ ပေမြင့်တဲ့ အင်ပရက်ရှင်းနစ် ပန်းချီ ဖြစ်ပါတယ်။ 

အမေရိကန်ဒေါ်လာ ၁၂၀,၀၀၀ ကနေ ၁၈၀,၀၀၀ လောက်ရမယ်လို့ ခန့်မှန်းထားခဲ့ပေမဲ့ ထင်ထားတာထက်ပိုရခဲ့တာ ဖြစ်ပါတယ်။ 

လူတူစက်ရုပ် Ai-Da က “ကျမရဲ့လက်ရာက ဗြိတိသျှသင်္ချာပညာရှင်ကြီး အလန်တာရင်း ရဲ့ ပုံတူပန်းချီပါ။ သူက ခေတ်သစ်ကွန်ပျူတာနဲ့ ဉာဏ်ရည်တုနည်းပညာအတွက် အခြေခံအုတ်မြစ်ချပေးခဲ့တဲ့သူပါ” လို့ အောက်တိုဘာလက ပြပွဲတခုမှာ Reuters ကို ပြောပြခဲ့ပါတယ်။ 

ပထမဆုံး ကွန်ပျူတာပရိုဂရမ်မာ အဒါ လက်ဗ်လေ့စ် ကို ဂုဏ်ပြုပြီး အမည်ပေးထားတဲ့ Ai-Da Robot ဟာ အိုင်ဒန်မယ်လာရဲ့ တီထွင်ဖန်တီးမှု ဖြစ်ပါတယ်။ 

မယ်လာက နည်းပညာနဲ့ ဉာဏ်ရည်တုနဲ့ ဘယ်လိုထိတွေ့ဆက်ဆံကြသလဲဆိုတဲ့ စကားဝိုင်းတွေ ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်တာဖြစ်ပြီး ဒါဟာ အရေးပါတဲ့အချိန်တခု ဖြစ်တယ်လို့ ပြောပါတယ်။ 

“ကျနော်တို့တွေဟာ လူသားတွေပဲ ဆုံးဖြတ်ချက်အားလုံး ချမှတ်တဲ့ လူ့ကမ္ဘာကနေ အယ်လ်ဂိုရစ်သမ် (algorithm) တွေက ဆုံးဖြတ်ချက်အားလုံး ချမှတ်လာမယ့် လူလွန်ကမ္ဘာကို ကူးပြောင်းနေတဲ့ အချိန်မှာ ရောက်နေပါပြီ” လို့ ပြောပါတယ်။ 

Ai-Da က Alan Turing ရဲ့ ပုံတူပန်းချီငယ်လေးတွေကို အရင်ဆွဲပြီးတော့မှ အဲဒီပုံတွေကို ပေါင်းစပ်ပြီး ကင်းဗတ်စကြီးပေါ်မှာ အရွယ်အစားကြီးအောင် ချဲ့ပါတယ်။ 

စတူဒီယိုအကူတွေက ပန်းချီကားပေါ်မှာ ဆေးရောင်နဲ့ အထိအတွေ့တွေ ထပ်ဖြည့်ပေးပါတယ်။ နောက်ဆုံးမှာ Ai-Da Robot က ကင်းဗတ်စပေါ်မှာ အမှတ်အသားအသစ်တွေနဲ့ အထိအတွေ့အသစ်တွေ ထပ်ဖြည့်ဆွဲပါတယ်။ 

“ဒါက အနုပညာလား။ အဲဒါကတော့ ပရိသတ်တွေ ဆုံးဖြတ်ရမှာပါ” လို့ မယ်လာ က ပြောသလို “ကျနော်တို့ရဲ့ အဓိကအာရုံစိုက်မှုက စတုတ္ထစက်မှုတော်လှန်ရေးရဲ့ လက်ရှိအစပိုင်းကို လေ့လာတဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ အနုပညာပရောဂျက်တခုပါ” လို့လည်း ပြောပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013