မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၆ လမ်းနဲ့ ၁၃၃ လမ်းထောင့်က ဇ-ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဒီဇင်ဘာ ၄ ရက် ညနေ ၆ နာရီဝန်းကျင်မှာ ထပ်မံဗုံးခွဲတိုက်ခိုက်ခံရပါတယ်။
ဒေသခံ ပရဟိတအဖွဲ့ဝင်တယောက်က “ညနေပိုင်းမှာ အဲဒီရပ်ကွက်ရုံးထဲက ပေါက်ကွဲသံကြားရတာ ဗုံးကွဲတာလို့တော့ ပြောနေကြတယ်။ ပြီးတော့ Ambulance တွေ ၂ စီး ၃ စီးလည်း သွားတာ မြင်လိုက်တယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်တဲ့” လို့ ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီလက်အောက်ခံတွေ ရောက်လာပြီး အဆိုပါရုံးရှိတဲ့လမ်းကို ပိတ်ထားလိုက်တယ်လို့ ဆိုပါတယ်။
ဇ ရပ်ကွက်နေ ပြည်သူတယောက်က “ဗုံးကွဲပြီး သိပ်မကြာဘူး သူတို့ဘက်ကကောင်တွေ ရောက်လာကြတယ်။ စစ်သားတွေတော့ သိပ်မတွေ့ရဘူး၊ ပျူစောထီးတွေများတယ်။ သေနတ်တွေလည်း ဖောက်ကြတာနဲ့ ဆဲသံဆူသံတွေ ဆူညံလို့ဗျာ။ ည ၁၂ လောက်အထိပဲ။ ဟုတ်တယ် Ambulance နဲ့တော့ လာတင်သွားတယ်။ သေတဲ့ ဒဏ်ရာရတဲ့သူ အရေအတွက်တော့ မသိရသေးဘူးရယ်” လို့ DVB ကို ပြောပါတယ်။
ဇ-ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီတပ်က ခန့်အပ်ထားသူဖြစ်ပြီး သူ့ရဲ့လက်အောက်ခံ ပျူစောထီးတွေက ရပ်ကွက်အတွင်း ကြီးစိုးမင်းမူနေကြတယ်လို့လည်း သူကဆက်ပြောပါတယ်။
အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးတဲ့အပြင် ဗုံးခွဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးတဲ့ အရေအတွက်ကိုလည်း DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ကလည်း အဆိုပါ ဇ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးပေါက်ကွဲခဲ့လို့ ပျူစောထီးအဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်။