ရန်ကုန်၊ ရန်ကင်းမြို့နယ်၊ ကန်ဘဲ့လမ်းမပေါ်က ရန်ကင်းမြို့မရဲစခန်းမှာ ဒီဇင်ဘာ ၁ ရက်၊ ညပိုင်းက ဗုံးပေါက်ကွဲခဲ့ပြီး လူနာတင်ယာဉ်အသံတွေ ကြားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရန်ကင်းမြို့ခံတယောက်က “ည ၇ နာရီခွဲကျော်က ကြားရတာ။ အသံ အကျယ်ကြီးပဲ။ Ambulance တွေ လာတဲ့အသံ ကြားရတယ်။ ရဲစခန်းအရှေ့က ဂိတ်လို့ ပြောတယ်” လို့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို အနောက်ပိုင်းခရိုင် ပကဖနဲ့အတူ Yangon Army တပ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပြီး ရဲစခန်းက စစ်ကောင်စီ လုံခြုံရေးဂိတ်ဘန်ကာကို ည ၇ နာရီ ၃၃ မိနစ်မှာ ပြင်းအားမြင့် ဗုံး ၂ လုံးနဲ့ ဖောက်ခွဲခဲ့တာကြောင့် ရဲ ၂ ယောက် ထက်မနည်း ဗုံးထိမှန် ထိခိုက်သွားခဲ့တယ်လို့ ဆိုပါတယ်။
Yangon Army တပ်ဖွဲ့တာဝန်ရှိသူတယောက်က “ရန်ကင်းမြို့မရဲစခန်းအရှေ့က ဘန်ကာကို ပြင်းအားမြင့် မိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ မိုင်းပြင်းအားကြောင့် ရဲတွေ ၂ ယောက်၊ ၃ ယောက်လွင့်ထွက်သွားတာ တွေ့လိုက်တယ်။ နောက်ထပ် ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ YA က ရဲဘော်တွေ အကုန်ဘေးကင်းကြပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘေ ၂၃ ရက်နေ့က တောင်ဥက္ကလာပမြို့နယ် EPC နဲ့ နိုဝင်ဘာ ၂၄ ရက်မှာ မြောက်ဥက္ကလာပမြို့နယ်က EPC လျှပ်စစ်ရုံးမှာရှိတဲ့ စစ်တပ်လုံခြုံရေးဂိတ်တွေမှာ ဗုံးပေါက်ကွဲခဲ့ပါသေးတယ်။
ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း ခေမာသီလမ်းမ၊ ဥပဒေရုံးရှေ့မှာ ပေါက်ကွဲမှု ၂ ကြိမ်၊ ကျောက်ရေတွင်းရပ်ကွက်က ရဲမှူးဆိုသူရဲ့ အိမ်ရှေ့ပေါက်ကွဲမှု ၁ ကြိမ် ဖြစ်ခဲ့ပြီး အဲဒီ တိုက်ခိုက်မှုတွေမှာလည်း Yangon Army နဲ့အတူ မဟာမိတ်တွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။