ဂါဇာမှာရှိတဲ့ ဆေးရုံတရုံကို အောက်တိုဘာ ၁၇ ရက်က ဗုံးခွဲတိုက်ခိုက်မှုဟာ ‘ဇီယွန်ဝါဒီအစိုးရ’ ရဲ့ အဆုံးသတ်မှု အစကို အမှတ်အသားပြုတဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုပဲလို့ အီရန်သမ္မတ အီဘရာဟင်မ် ရိုင်စီက အောက်တိုဘာ ၁၈ ရက်မှာ ပြောလိုက်ပါတယ်။
အီရန်မြို့တော် တီဟီရန်မှာ ပါလက်စတိုင်းတွေကို ထောက်ခံတဲ့ ဆန္ဒပြသူ အများအပြားကို မိန့်ခွန်းပြောရင်း ခုလို ပြောလိုက်တာပါ။
ရိုင်စီက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အမေရိကန်တို့ဟာ အစ္စရေးရဲ့ ရာဇဝတ်မှုမှာ မိတ်ဘက်ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။
ဂါဇာမှာရှိတဲ့ အယ်လ်အာလီဆေးရုံမှာ အောက်တိုဘာ ၁၇ ရက်က ပေါက်ကွဲမှုကြောင့် လူပေါင်း ၄၇၁ ဦး သေဆုံးပြီး ၃၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
ဆေးရုံဗုံးခွဲမှုအတွက် အစ္စရေးနဲ့ ပါလက်စတိုင်းတို့က အပြန်အလှန် အပြစ်တင်နေကြပြီး ဘယ်သူကမှ တာဝန်ရှိတယ်လို့ ထုတ်မပြောခဲ့ကြပါဘူး။
အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က အဖွဲ့ဝင်တွေဟာ အစ္စရေးနိုင်ငံအပေါ် ရေနံနဲ့ တခြား ပိတ်ဆို့အရေးယူမှုတွေ ချမှတ်သင့်ပြီး အစ္စရေးသံတမန်အားလုံးကို နှင်ထုတ်သင့်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန် အာမီရာ အဗ်ဒူလာဟိန်က အောက်တိုဘာ ၁၈ ရက်မှာ ပြောပါတယ်။
အင်္ဂါနေ့နှောင်းပိုင်းက ဂါဇာမှာရှိတဲ့ ဆေးရုံတခု ပေါက်ကွဲပြီးတဲ့နောက် ပါလက်စတိုင်း အများအပြား သေဆုံးခဲ့ရတဲ့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခနဲ့ ပတ်သက်ပြီး ဆော်ဒီနိုင်ငံ ဂျစ်ဒါမြို့မှာ OIC ရဲ့ အရေးပေါ်အစည်းအဝေးကို ကျင်းပနေပါတယ်။
ဇီယွန်ဝါဒီအစိုးရနဲ့ ဆက်ဆံရေး တည်ဆောက်ထားပြီးသားဆိုရင် အစ္စရေးသံတမန်တွေကို နှင်ထုတ်ခြင်းအပြင် အစ္စလာမ္မစ်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေ အပါအဝင် အစ္စလာမ္မစ် နိုင်ငံတွေက အစ္စရေးနိုင်ငံအပေါ် ပြီးပြည့်စုံတဲ့ ပိတ်ဆို့အရေးယူမှုတွေ ချက်ချင်းလုပ်ဖို့ နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးက ကျူးလွန်ခဲ့တဲ့ ဖြစ်နိုင်ချေရှိတဲ့ စစ်ရာဇဝတ်မှုတွေကို မှတ်တမ်းတင်ဖို့ အစ္စလာမ့်ရှေ့နေအဖွဲ့တဖွဲ့ ဖွဲ့စည်းပေးဖို့လည်း အာမီရာအဗ်ဒူလာဟိန်က တောင်းဆိုထားပါတယ်။
အီရန်ဟာ အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး မရှိပါဘူး။ အစ္စရေးတောင်ပိုင်းကို ဟားမတ်စ်တို့ တိုက်ခိုက်မှုအပြီး ၁၁ ရက်ကြာ အစ္စရေးရဲ့ လက်တုံ့ပြန် ဗုံးကြဲတိုက်ခိုက်မှုအတွင်း လူ ၃,၀၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဂါဇာရှိ ကျန်းမာရေးအာဏာပိုင်တွေက ပြောခဲ့ပါတယ်။
Source/Photo-Reuters