Home
နိုင်ငံတကာ
တောင်ကိုရီးယားသမ္မတကို ဖြုတ်ချရေး လွှတ်တော်တွင် မဲခွဲမည်
DVB
·
December 5, 2024
Photo: Reuters

စစ်အုပ်ချုပ်ရေး အသက်သွင်းဖို့ ကြိုးစားခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးကို စွပ်စွဲပြစ်တင် ဖြုတ်ချဖို့ အတိုက်အခံအမတ်တွေက အဆိုတင်သွင်းလိုက်ပြီး ဒီအဆိုကို လာမယ့် စနေနေ့ လွှတ်တော်မှာ  မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။  

ဗုဒ္ဓဟူးနေ့မှာ သမ္မတယွန်းက မမျှော်လင့်ဘဲ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပေမဲ့ လွှတ်တော်အမတ် ၁၉၀ က ပယ်ချခဲ့တဲ့အတွက် နောက် ၆ နာရီအကြာမှာ ပြန်ရုပ်သိမ်းခဲ့ရပါတယ်။

အဓိက အတိုက်အခံဒီမိုကရက်တစ်ပါတီက သမ္မတရဲ့ စစ်အုပ်ချုပ်ရေး ကြေညာတာဟာ “ပုန်ကန်တဲ့လုပ်ရပ်”လို့ ရှုတ်ချထားပါတယ်။ 

အတိုက်အခံတွေက စွပ်စွဲဖြုတ်ချတာအပြင် ယွန်ကို “ပုန်ကန်မှု”နဲ့ပါ တရားစွဲဆိုချင်ပြီး ကာကွယ်ရေးဝန်ကြီး ကင်ယောင်ဟွန်နဲ့ ပြည်ထဲရေးဝန်ကြီး လီဆန်းမင်တို့ကိုလည်း အဓိကပူးပေါင်းပါဝင်သူတွေအဖြစ် တရားစွဲဆိုမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ယွန်းရဲ့ ပြည်သူ့အာဏာပါတီက စွပ်စွဲဖြုတ်ချမှုကို ကန့်ကွက်မယ်လို့ ယွန်ဟပ်သတင်းဌာနက ဖော်ပြပါတယ်။

အဆို အတည်ဖြစ်ဖို့ အမတ် ၃ ပုံ ၂ ပုံရဲ့ ထောက်ခံမှု လိုအပ်ပါတယ်။ ဒါကြောင့် အတိုက်အခံအမတ် အားလုံးအပြင် သမ္မတရဲ့ ပြည်သူ့အာဏာပါတီ အမတ် ၁၀၈ ယောက်ထဲက အနည်းဆုံး ၈ ယောက် ထောက်ခံဖို့ လိုပါတယ်။

ကြာသပတေးနေ့ အစောပိုင်းက လွှတ်တော်မှာ အဆိုတင်သွင်းတုန်းက  ယွန်းရဲ့ပါတီက အမတ်တွေ တယောက်မှ မတက်ရောက်ခဲ့ပါဘူး။

ဆိုးလ်မြို့က ကျောင်းတွေ၊ ဘဏ်တွေ၊ အစိုးရရုံးတွေ ပုံမှန်ဖွင့်နေပေမဲ့ သမ္မတ နုတ်ထွက်ရေး ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေပါတယ်။ ‘ယွန်းဆွတ်ခ်ယိုးကို ဖမ်း’ လို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေကို ဒေါသတကြီး ဆန္ဒပြသူတွေက ကိုင်ဆောင်နေကြပါတယ်။

တောင်ကိုရီးယားအကြီးဆုံး အလုပ်သမားအဖွဲ့ချုပ် KCTU က သမ္မတ မနုတ်ထွက်မချင်း အချိန်အကန့်အသတ်မရှိ သပိတ်မှောက်မယ်လို့ ကြေညာပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ကာကွယ်ရေးဝန်ကြီး ကင်ယောင်ဟွန်က နုတ်ထွက်စာတင်ပြီး စစ်အုပ်ချုပ်ရေးအတွက် တာဝန်ယူကာ ပြည်သူတွေကို တောင်းပန်ပါတယ်။ ရုံးအဖွဲ့မှူး ချောင်ဂျင်ဆွတ်နဲ့ အမျိုးသားလုံခြုံရေး အကြံပေး ရှင်ဝွန်ဆစ်တို့လည်း နုတ်ထွက်စာ တင်ခဲ့ပေမဲ့ သမ္မတက လက်ခံမလက်ခံ မသိရသေးပါဘူး။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013