Home
နိုင်ငံတကာ
ပြင်သစ်ဝန်ကြီးချုပ်အပေါ်  အယုံအကြည်မရှိအဆို အတည်ပြု 
DVB
·
December 5, 2024
Photo: REUTERS/Sarah Meyssonnier

ပြင်သစ် ဝန်ကြီးချုပ် မီရှဲလ်ဘာညေး အပေါ် အယုံအကြည်မရှိအဆိုကို  လွှတ်တော်က အတည်ပြုလိုက်တာကြောင့် ပြင်သစ်အစိုးရ ပြိုလဲသွားပါပြီ။

ဝန်ကြီးချုပ် မီရှဲလ်ဘာညေးဟာ သမ္မတ အီမန်နျူရယ်မက်ခရွန်က ခန့်အပ်ပြီး ၃ လပဲ ကြာသေးတဲ့ ဝန်ကြီးချုပ်ပါ။ ဘတ်ဂျက်ကို မဲမပေးဘဲ အတင်းအကျပ် အတည်ပြုခဲ့လို့ အတိုက်အခံပါတီတွေက အယုံအကြည်မရှိအဆို တင်သွင်းခဲ့တာပါ။

၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အယုံအကြည်မရှိအဆိုနဲ့ အစိုးရ ပြိုလဲတာ ဖြစ်ပါတယ်။ ဆော်ဒီအာရေဗျက ပြန်လာတဲ့ သမ္မတ အီမန်နျူရယ် မက်ခရွန်က ဒီဇင်ဘာ ၅ ရက် ညပိုင်းမှာ နိုင်ငံကို မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။

ပြင်သစ်မှာ သမ္မတကို သီးခြား ရွေးကောက်တာမို့ ဒီမဲရလဒ်က သူ့ကို တိုက်ရိုက် မထိခိုက်ပါဘူး။ ဒါပေမဲ့ မနှစ်က လွှတ်တော် ရွေးကောက်ပွဲမှာ ဘယ်ပါတီမှ အများစုမရခဲ့တာကြောင့် နိုင်ငံရေး မတည်ငြိမ်မှုဟာ ပိုဆိုးလာနိုင်ပါတယ်။

ဒီဇင်ဘာလ ၄ ရက်နေ့ မဲခွဲမှုမှာ  အမတ် ၂၈၈ ယောက် ထောက်ခံမှုလိုအပ်ခဲ့ပြီး တကယ်တမ်း အမတ် ၃၃၁ ယောက်က ထောက်ခံခဲ့တဲ့အတွက် ပြတ်ပြတ်သားသားဖြစ်ခဲ့ပါတယ်။

ဘာညေး အစိုးရအဖွဲ့ ဟာ နုတ်ထွက်စာ တင်ရမှာဖြစ်ပြီး၊ သူ့ကို ဖြုတ်ချရတဲ့ အကြောင်းရင်းဖြစ်တဲ့ ဘတ်ဂျက်လည်း ပျက်ပြယ်သွားပါပြီ။ ဒါပေမဲ့ သမ္မတအီမန်နျူရယ်  မက်ခရွန်က နောက်ထပ်ဝန်ကြီးချုပ် မခန့်မချင်း ယာယီဝန်ကြီးချုပ်အဖြစ် ဆက်နေရဦးမှာပါ။

လက်ဝဲနဲ့ လက်ယာစွန်းဝါဒီတွေက လူမှုဖူလုံရေး ပြုပြင်ပြောင်းလဲမှုကို သမ္မတအမိန့်နဲ့ အတင်းအကျပ် လုပ်ဆောင်တာကို ကန့်ကွက်ပြီးအယုံအကြည်မရှိ အဆိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ 

လက်ဝဲမဟာမိတ် NFP က ဘာညေးက ဝန်ကြီးချုပ်ခန့်တာကို အရင်ကတည်းက ကန့်ကွက်ခဲ့တာဖြစ်ပြီး  လက်ယာစွန်း RN  ပါတီ နဲ့အတူ ယူရို ၆၀ ဘီလီယံ လိုငွေလျှော့ချမှုကို  လက်မခံခဲ့ကြပါဘူး။

RN ခေါင်းဆောင် မာရင်လီပန်းက "ဘတ်ဂျက်က ပြင်သစ်ပြည်သူတွေအတွက် အဆိပ်ဖြစ်နေတယ်" လို့ ပြောပါတယ်။

မဲမပေးခင် ဘာညေးက လွှတ်တော်မှာ "သူ့ကို ဖြုတ်ချလိုက်ရုံနဲ့ ငွေကြေးပြဿနာ ပြေလည်မှာ မဟုတ်ဘူး" လို့ ပြောခဲ့ပါတယ်။

အမေရိကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ် နော်တာဒမ်းဘုရားကျောင်း ပြန်ဖွင့်ပွဲအတွက် ပါရီကို ရောက်လာတော့မှာမို့ အစိုးရမရှိတဲ့ အရှက်ရစရာမဖြစ်အောင် ဝန်ကြီးချုပ်သစ် အမြန်ခန့်ဖို့ မျှော်လင့်ရပါတယ်။

နောင်နှစ် ဇူလိုင်လအထိ ပါလီမန်ရွေးကောက်ပွဲ ထပ်လုပ်လို့ မရသေးတာကြောင့် လွှတ်တော်မှာ ဘယ်အဖွဲ့မှ အများစု မရနိုင်တဲ့ အခြေအနေ ဆက်ဖြစ်နေဦးမှာပါ။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013