Home
နိုင်ငံတကာ
Brexit ညှိနှိုင်းရေးမှူးဟောင်း မီရှယ်ဘာနီ ပြင်သစ်ဝန်ကြီးချုပ် ဖြစ်လာ
DVB
·
September 6, 2024
Photo-Reuters

ပြင်သစ်နိုင်ငံရေးပါတီတွေနဲ့ ၂ လကြာ ဆွေးနွေးခဲ့ပြီးနောက် ဥရောပသမဂ္ဂရဲ့ ညှိနှိုင်းရေးမှူးဟောင်း မီရှယ်ဘာနီကို သမ္မတ အီမန်နျူရယ် မက်ခရွန်က ဝန်ကြီးချုပ်သစ် အဖြစ် ရွေးချယ်ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။

အသက် ၇၃ နှစ်အရွယ် ကွန်ဆာဗေးတစ် ဝါရင့်နိုင်ငံရေးသမားကြီး ဘာနီဟာ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကာလမှာ ဝန်ကြီးချုပ်တာဝန်ယူရမှာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ဥရောပသမဂ္ဂကို ဗြိတိန်စွန့်ခွာခဲ့တဲ့ Brexit ဆွေးနွေးပွဲတွေမှာ ဘာနီဟာ ဦးဆောင်သူဖြစ်တာကြောင့် ဒါမျိုးအခြေအနေတွေနဲ့ အကျွမ်းတဝင်ရှိသူလည်း ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲအပြီး လွှတ်တော်နေရာအများစုကို ဘယ်ပါတီကမှ အနိုင်မရခဲ့တဲ့အတွက် မတိုးသာမဆုတ်သာ အခြေအနေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အဲဒီနောက် စက်တင်ဘာ ၅ ရက် ညနေပိုင်းမှာ ဘာနီဟာ ပါရီမြို့တော်မှာရှိတဲ့ ဝန်ကြီးချုပ် နေအိမ်ကို ရောက်လာခဲ့ပြီး ဂေဘရီရယ် အတ်တဲလ် ဆီကနေ တရားဝင် ရာထူးလက်ခံခဲ့ပါတယ်။

အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် ၈ လကြာ တာဝန်ယူခဲ့တဲ့ ဂေဘရီရယ် အတ်တဲလ် ကတော့ “ပြင်သစ်နိုင်ငံရေးဟာ နာမကျန်းဖြစ်နေပါတယ်။ ဒါပေမဲ့လည်း ဖြေဆေးတော့ ရှိပါတယ်။ ဒါဟာ ဂိုဏ်းဂဏအစွဲထားတဲ့ ဝါဒကနေ ဝေးဝေးနေကြဖို့အတွက် သဘောတူညီမှုပါ” ဆိုပြီး နှုတ်ဆက်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

၁၉၅၈ ခုနှစ်နောက်ပိုင်း အသက်အကြီးဆုံး ပြင်သစ်ဝန်ကြီးချုပ် ဖြစ်လာမယ့် ဘာနီ ဟာလည်း လွှတ်တော်အမတ်နေရာ စုစုပေါင်း ၅၇၇ ယောက်ထဲက ၂၈၉ ယောက်ရဲ့ ထောက်ခံမှုကို ရဖို့တော့ လိုအပ်နေပါသေးတယ်။

ပြင်သစ်လွှတ်တော်ထဲမှာ အဓိကနိုင်ငံရေးအစုအဖွဲ့ကြီး ၃ ခုအထိ ကွဲပြားနေတဲ့အတွက် ဘာနီရဲ့ ပထမဆုံးတာဝန်ဟာ အားလုံးလက်ခံနိုင်မယ့် အစိုးရတရပ် ဖွဲ့စည်းနိုင်ဖို့ပဲ ဖြစ်ပါတယ်။

ဒီဝန်ကြီးချုပ်သစ်အတွက် နောက်ထပ်စိန်ခေါ်မှုကတော့ ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် မူကြမ်းအစီအမံတခုကို အောက်တိုဘာ ၁ ရက် မတိုင်ခင် လွှတ်တော်မှာ တင်ပြနိုင်ဖို့ပဲ ဖြစ်ပါတယ်။

လာမယ့် ၂၀၂၇ ခုနှစ်အထိ သမ္မတသက်တမ်း ကျန်ရှိနေသေးနေတဲ့ မက်ခရွန် ကတော့ နိုင်ငံရေးမတည်ငြိမ်မှုတွေကို မီးစာထိုးပေးနေတယ်ဆိုပြီး အကြီးအကျယ် ဝေဖန်ခံနေရပါတယ်။

မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ သဘောထားစစ်တမ်းတခုမှာလည်း ပြင်သစ်မဲဆန္ဒရှင် ၅၁ ရာခိုင်နှုန်းဟာ မက်ခရွန်ကို ရာထူးမှနုတ်ထွက်သင့်ကြောင်း ဖော်ပြထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013