နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရခဲ့တဲ့ မန်စီးတီးအသင်းဟာ နောက်ဆုံး ၇ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။
မနေ့ညက ကစားခဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းက အသင်းခေါင်းဆောင် ဒီဘရိုင်း ပြန်လည်ပွဲထွက်လာမှုနဲ့အတူ နော်တင်ဟမ်အပေါ် ဖိဖိစီးစီးကစားပြီး ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။
ပွဲအစ ၈ မိနစ်ကတည်းက ဘာနာဒိုဆေးလ်ဗားရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တဲ့ မန်စီးတီးဟာ ပွဲချိန် ၃၁ မိနစ်မှာ ဒီဘရိုင်းက တဂိုး၊ ဒုတိယပိုင်းပွဲချိန် ၅၇ မိနစ်မှာ ဒိုကူက တဂိုး ထပ်သွင်းခဲ့တာပါ။
မန်စီးတီးဟာ ဒီရလဒ်ကြောင့် ပြိုင်ပွဲစုံ ၇ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးမှု ရပ်တန့်ခဲ့သလို ပရီးမီးယားလိဂ် ၄ ပွဲဆက်တိုက် ရှုံးနိမ့်မှုကိုလည်း ရပ်တန့်နိုင်ခဲ့တာပါ။
တခြားပွဲစဉ်တွေမှာ အဆင့်တစ်နေရာက လီဗာပူးက နယူးကာဆယ်နဲ့ ၃ ဂိုးစီ သရေကျသွားခဲ့ပေမဲ့ မန်စီးတီးကို ၉ မှတ်ဖြတ်ထားဆဲ ဖြစ်ပါတယ်။