ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ ရမှတ်တူ၊ ဂိုးကွာခြားချက် တူနေပေမဲ့ အာဆင်နယ်က ချဲလ်ဆီးအပေါ်မှာ ရပ်တည်နေတဲ့အချက်တခု ထွက်ပေါ်လာပါတယ်။
ပွဲစဉ် ၁၃ အပြီးမှာ လန်ဒန်အခြေစိုက် ၂ သင်းစလုံးက ၇ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၂ ပွဲရှုံးခဲ့ပြီး ရမှတ် ၂၅ မှတ်စီ ရရှိထားသလို ရဂိုး ၂၆ ဂိုး၊ ပေးဂိုး ၁၄ ဂိုးချင်းလည်း တူညီနေတာပါ။
အက္ခရာစဉ်အရ အာဆင်နယ်က အဆင့် ၂ မှာ ရပ်တည်နေတယ်လို့ အများစုက ထင်မှတ်ကြပေမဲ့ ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းတခုအရ အာဆင်နယ်အသင်းက ရပ်တည်နေတာဖြစ်ကြောင်း ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။
ပရီးမီးယားလိဂ်မှာ ရမှတ်တူနေရင် ဂိုးကွာခြားချက်၊ သွင်းဂိုးအရေအတွက်၊ ထိပ်တိုက်တွေ့ဆုံမှုတွေနဲ့ ဆုံးဖြတ်ပါတယ်။
ချဲလ်ဆီးနဲ့ အာဆင်နယ်က တဖက်တဂိုးစီ သရေကျခဲ့တာကြောင့် ထိပ်တိုက်တွေ့ဆုံမှုမှာလည်း ဘယ်အသင်းကမှ အသာမရခဲ့ပေမဲ့ အဝေးဂိုးစည်းမျဉ်းအရ အာဆင်နယ်က အသာရသွားခဲ့တာပါ။
ချဲလ်ဆီးအသင်းက အဝေးကွင်းပွဲစဉ် မကစားရသေးတာကြောင့် ကစားပြီးတဲ့ အာဆင်နယ်အသင်းက တဂိုးရရှိထားလို့ အဆင့် ၂ မှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။