
ရေလွှမ်းမိုးမှုဒဏ်ခံထားရတဲ့ မလေးရှားနဲ့ ထိုင်းနယ်စပ် မလေးရှားနိုင်ငံဘက်ခြမ်း ရန်တောင်ပန်ဂျန်မြို့မှာ အာဏာပိုင်တွေက ဒုတိယအကြိမ် ရေလွှမ်းမိုးမှု သတိပေးချက်ကို ထုတ်ပြန်ထားလို့ မြို့ထဲမှာ နေသူတွေဟာ အခြေအနေကို သတိထားစောင့်ကြည့်နေကြပါတယ်။
မလေးရှားအရှေ့မြောက်ဘက် ကမ်းရိုးတန်းနဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းက မလေးကျွန်းဆွယ်မှာ မိုးသည်းပြီး ရေကြီးမှုကြောင့် လူဒါဇင်နဲ့ချီ သေဆုံးခဲ့ပြီး လူနေအိမ်တွေ၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ဧကထောင်ပေါင်းများစွာသော စပါးစိုက်ခင်းတွေ ပျက်စီးခဲ့ပါတယ်။
ကယ်ဆယ်ရေးစခန်းကို ရောက်ဖို့ သူ့ကလေးနဲ့အတူ နာရီပေါင်းများစွာ လမ်းလျှောက်ခဲ့ရတဲ့ အသက် ၃၅ နှစ်အရွယ် ဒေသခံ စီတီနောရှာဖီနာက လူတိုင်း တည်းခိုဖို့ တဲအိမ် အလုံအလောက်မရှိဘူးလို့ ပြောပါတယ်။
သူအပါအဝင် မိသားစုတွေဟာ အချိန်အကြာကြီး ရွက်ဖျင်တဲတွေကို မျှဝေသုံးစွဲခဲ့ရပါတယ်။ ရေဘေးကြောင့် မလေးရှားမှာ လူ ၆ ယောက် သေဆုံးခဲ့ပြီး ရေကြီးနေချိန်အတွင်း လူပေါင်း ၁၅၀,၀၀၀ ကျော်ကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းခဲ့ရတယ်။
ဒီဇင်ဘာ ၃ ရက် ကစပြီး ရေဘေးသင့် ဦးရေ ၈၅,၀၀၀ ဝန်းကျင်ထိ ကျဆင်းသွားခဲ့တယ်လို့ အစိုးရအချက်အလက်တွေက ဖော်ပြခဲ့ပါတယ်။
အသက် ၆၃ နှစ်အရွယ် ဒေသခံ မူဟာမဒ်အာနစ်အာရီဖင်က နှစ်တိုင်း ရေကြီးတာတွေ ကြုံနေရပေမဲ့ အခုတကြိမ်တော့ မတူဘူးလို့ ပြောပါတယ်။
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မိုးရွာသွန်းမှုဟာ မျှော်မှန်းထားတာထက် ကျော်လွန်နေပြီး အရှေ့ဘက်ကမ်းရိုးတန်းဒေသ တချို့မှာ နိုဝင်ဘာ ၂၆ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ ရွာချတဲ့ မိုးရေချိန်ဟာ ခါတိုင်း အချိန် ၆ လကျော်အတွင်း ရွာချတဲ့ မိုးရေချိန်လောက် ရှိတယ်လို့ ပြောပါတယ်။
ရေကျသွားလို့ သန့်ရှင်းရေးလုပ်နေကြချိန်မှာ အိမ်တချို့မှာ နေသူတွေ ပြန်ရောက်လာပေမဲ့ အာဏာပိုင်တွေက အခုရက်သတ္တပတ်အတွင်း ရေလွှမ်းမှု ဒုတိယလှိုင်းကြီးအတွက် အာဏာပိုင်တွေက အိမ်တွေကို စောင့်ကြပ်ပေးနေဆဲ ဖြစ်ပြီး လူတွေကလည်း ကယ်ဆယ်ရေးစခန်းမှာ ဆက်နေထိုင်ကြတုန်းပါ။
အင်္ဂါနေ့မှာ ပြည်နယ် ၉ ခုနဲ့ ဖက်ဒရယ်နယ်မြေ ၂ ခုမှာ မိုးသည်းသည်းမည်းမည်းရွာပြီး မိုးကြိုးမုန်တိုင်းတွေ၊ လေပြင်းတွေ တိုက်ခတ်မယ်လို့ မလေးရှားမိုးလေဝသဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ဒီဇင်ဘာ ၈ ရက်က စပြီး မုတ်သုံလေ အားကောင်းလာမယ်လို့လည်း အစောပိုင်းက သတိပေးထားပါတယ်။
Source: Reuters