Home
နိုင်ငံတကာ
ထိုင်းတောင်ပိုင်းတွင် ရေကြီးပြီး လူ ၃၀ နီးပါး သေဆုံး၊  ၆ သိန်းခွဲကျော် ရေဘေးသင့်
DVB
·
December 4, 2024
Photo: DDPMNews

ထိုင်းတောင်ပိုင်းဒေသတွေမှာ မိုးသည်းထန်ပြီး ရေကြီးရေလျှံဖြစ်နေတာ ၁၃ ရက်ရှိပြီဖြစ်ပြီး လူ ၂၉ ယောက် သေဆုံးကာ ပြည်သူ ၆ သိန်းခွဲကျော် ရေဘေးသင့်နေတယ်လို့ ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးဌာန (DDPM) က ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၂ ရက်မှ ဒီကနေ့ ဒီဇင်ဘာ ၄ ရက်အထိ ထိုင်းတောင်ပိုင်း ချွန်းဖွန်း၊ စူရတ်ဌာနီ၊ နခွန်းဆီထမရတ်၊ ဖတ်ထလုန်း၊ တရန်း၊ ဆဒွန်း၊ ဆုန်ခလာ၊ ပတ္တနီ၊ ယာ့လား၊ နာရာသီဝပ် စတဲ့ ခရိုင်ပေါင်း ၁၀ ခရိုင်ထဲမှာ ရေကြီးရေလျှံနေတာ ဖြစ်ပါတယ်။

အဆိုပါရေကြီးမှုကြောင့် ၈၇ မြို့နယ် ၅၃၈ အုပ်စုရှိ ရပ်ကွက်နဲ့ကျေးရွာပေါင်း ၃,၇၂၉ ခုက ပြည်သူပေါင်း ၆၆၄,၁၇၃ ယောက် ရေဘေးသင့်ပြီး ၂၉ ယောက် သေဆုံးခဲ့တယ်၊ သေဆုံးသူတွေမှာ နခွန်းဆီထမရတ်ခရိုင်မှ တယောက်၊ ဖတ်ထလုန်းမှ ၂ ယောက်၊ ဆုန်ခလာမှ ၁၀ ယောက်၊ ပတ္တနီမှ ၇ ယောက်၊ ယာ့လားမှ ၅ ယောက်နဲ့ နာရာသီဝပ်ခရိုင်မှ ၄ ‌ယောက် ဖြစ်ပါတယ်။

လက်ရှိမှာလည်း နခွန်းဆီထမရတ်၊ ဖတ်ထလုန်း၊ ဆုန်ခလာ၊ ပတ္တနီ၊ နာရာသီဝပ် စတဲ့ ခရိုင် ၅ ခုမှာ ဆက်လက်ရေကြီးနေဆဲဖြစ်တယ်။ အဆိုပါ ခရိုင် ၅ ခုက မြို့နယ်ပေါင်း ၂၆ မြို့နယ်၊ ၁၇၉ အုပ်စု ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၁,၁၀၇ က ပြည်သူ ၁၅၅,၈၉၄ ရေဘေးဒဏ် ခံနေရဆဲ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းဟာ ထိုင်းမြောက်ပိုင်း ရေကြီးတုန်းက သွားကြည့်ခဲ့ပြီး တောင်ပိုင်းကိုတော့ ရောက်မလာတဲ့အပေါ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်၊ ဝန်ကြီးချုပ်က တခြား အလုပ်တာဝန်တွေ ဇယားပြည့်နေလို့ မသွားနိုင်သေးတာဖြစ်ကြောင်း၊ တောင်ပိုင်းရေဘေး ကူညီဖို့ ဒုဝန်ကြီးချုပ်ကို တာဝန်ပေးထားပြီး ဖြစ်တယ်၊  သူ့ရဲ့ခင်ပွန်းဟာ ထိုင်းတောင်ပိုင်းသား ဖြစ်တယ်၊ တောင်ပိုင်းကို မချစ်ဘဲနဲ့ ယူလို့ရမလားလို့ သတင်းထောက်တွေကို ရယ်မောပြောဆိုခဲ့ပါတယ်။

ရေဘေးပြဿနာဖြေရှင်းရေး အစည်းအဝေးမှာတော့ ရေဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ခရိုင်တခုကို မူလက ဘတ် သန်း ၂၀ ချထားရာ နောက်ထပ် ဘတ်သန်းပေါင်း ၅၀ စီ ထပ်တိုးပေးပြီး ရေဘေးသင့်မိသားစု တအိမ်ထောင်ကို ဘတ် ၉,၀၀၀ စီ ထောက်ပံ့ပေးဖို့ ဆုံးဖြတ် လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။

ထိုင်းတောင်ပိုင်းမှာ ဒီဇင်ဘာ ၅ ရက်မှ ၁၁ ရက်အတွင်း မိုးထပ်ရွာလာနိုင်ပြီး တောင်ကျချောင်းရေနဲ့ မြေပြိုမှုတွေ၊ အနိမ့်ပိုင်းဒေသ ရုတ်တရက် ရေကြီးရေလျှံမှုတွေ သတိထားဖို့ ထိုင်း National Disaster Warning Center က သတိပေး ထုတ်ပြန်ထားပါတယ်။

Source: NDWC/ DDPMNews

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013