ကိုလံဘီယာနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပေါ်နေတဲ့ အရေးပေါ်အခြေအနေတွေကို တုံ့ပြန်တဲ့အနေနဲ့ သမ္မတ ဂူစတာဗိုပေထရိုက နိုင်ငံလုံးဆိုင်ရာ သဘာဝဘေးအန္တရာယ် အခြေအနေကို နိုဝင်ဘာ ၁၀ ရက်မှာ ကြေညာပါတယ်။
"ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် ကြိုတင်မှန်းလို့မရနိုင်တဲ့ ပုံမှန်မဟုတ်တဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေပြီး နယ်မြေတွေမှာ ထိခိုက်လွယ်မှုတွေ တိုးလာခြင်းကြောင့် တနိုင်ငံလုံးမှာ သဘာဝဘေးအခြေအနေကို ကြေညာလိုက်ပါတယ်”လို့ သမ္မတ ပေထရို က ထုတ်ပြန်သွားတာပါ။
ဒီကြေညာချက်ဟာ နိုင်ငံတဝန်းရှိ ထိခိုက်ခံစားခဲ့ရသူတွေကို ကူညီဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကို စုဆောင်းရာမှာ လွယ်ကူချောမွေ့စေဖို့နဲ့ ရေကြီးခြင်းနဲ့ မိုးခေါင်ခြင်းရဲ့ ဆိုးကျိုးတွေကို လျော့ပါးစေဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၁၂ ရက်မှာ စတင်ပြီး စီမံထောက်ပံ့ရေးလုပ်ငန်းဟာ ချိုကိုဒေသမှာ ပထမဆုံး အရေးပေါ် ပစ္စည်းကိရိယာထုပ်တွေကို ဖြန့်ဝေပေးမှာ ဖြစ်ပါတယ်။ ချိုကိုဒေသဟာ မိုးရွာသွန်းမှုကြောင့် ထိခိုက်မှုအများဆုံးဖြစ်ပြီး မိသားစု ၃၀,၀၀၀ ကျော် ထိခိုက်ခံရတယ်လို့ ကနဦး သတင်းရရှိထားပါတယ်။
စည်ပင်သာယာရေးဌာန ၃၁ ခုထဲက ၂၇ ခုမှာ သက်ရောက်မှုရှိသွားပြီးတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် မိသားစုပေါင်း ရာပေါင်းများစွာ ရှိနေတယ်လို့ ကိုလံဘီယာနိုင်ငံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားယူနစ် ဒါရိုက်တာ ကားလော့စ် ကာရီလိုက ပြောပါတယ်။ ဒါတွေဟာ အရင်ဆုံးသိရတဲ့ ကိန်းဂဏန်းတွေဖြစ်ပြီး ဒါကို အလေးထားဖို့ အရေးကြီးကြောင်းလည်း သူက ဆိုပါတယ်။
Source: Reuters