Home
မြန်မာသတင်း
ရွှေဘိုထောင်၌ ဧည့်တွေ့ခွင့်နာရီဝက်ကို ကျပ် ၃ သိန်းတောင်းနေ၊ နိုင်ကျဉ်းများ ဧည့်တွေ့ခွင့်မရ
DVB
·
December 4, 2024
Photo: PPNM

စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်မှာ မိနစ် ၃၀ ကို ငွေကျပ် ၃ သိန်း ပေးနိုင်တဲ့ အကျဉ်းသားတွေသာ ဧည့်တွေ့ခွင့်ရနေပြီး နိုင်ငံရေးအကျဉ်းသားတွေ မိသားစုဝင်တွေနဲ့ ဧည့်တွေ့ခွင့် မရသေးဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။

အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေ တွေ့ဆုံနိုင်တဲ့ ဧည့်တွေ့ခွင့်ကို အခုနှစ် ဇွန်လကတည်းက လုံခြုံရေးအကြောင်းပြ ပိတ်ပင်ထားခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ ထောင်ဝင်စာ ဧည့်တွေ့ခွင့်အပေါ် မကောင်းမွန်တဲ့ အကြံအစည်နဲ့ ထောင်အာဏာပိုင်က ဧည့်တွေ့ခွင့် ဈေးကွက် ဖန်တီးပြီးတော့ ကိုယ်ကျိုးရှာ‌နေသလို နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်မှုတွေ ပြုလုပ်နေတာကိုလည်း စုံစမ်းသိရှိရတယ်လို့ ဆိုပါတယ်။

လက်ရှိ ရွှေဘိုအကျဉ်းထောင်မှာ တာဝန်ထမ်းဆောင်နေတဲ့ တာဝန်ခံ ထောင်ပိုင် အောင်လွင်က အကျဉ်းသားတွေ့ခွင့်ကို ဈေးကွက်တရပ်အဖြစ် တန်ဖိုးသတ်မှတ်ကာ အကျဉ်းသားတွေအပေါ် ခေါင်းပုံဖြတ် ဖိနှိပ်ကာ လာဘ်စားမှုကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတာလို့ ဆိုပါတယ်။

ဒါ့အပြင် အကျဉ်းသား ကျွေးမွေးစီမံရေးမှာလည်း အကျဉ်းထောင် သတ်မှတ်နှုန်းထားအတိုင်း မဟုတ်ဘဲ တရက်ခြား ကြက်ဥတလုံးကျစီသာ ပေးပြီးတော့ အကျဉ်းသား ကျွေးမွေးစရိတ်ပေါ်ကနေ ထောင်ပိုင်အ‌နေနဲ့ ကိုယ်ကျိုးစီးပွားရှာနေတာတွေလည်း ရှိနေတယ်လို့ နိုဝင်ဘာလအတွင်း အကျဉ်းဦးစီးဌာနက ထွက်‌ပြေးလာတဲ့ အကျဉ်း‌ထောင် ဝန်ထမ်းဟောင်းတယောက်ဆီကနေ စုံစမ်းအတည်ပြုနိုင်ခဲ့တယ်လို့ PPNM က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း ရန်ကုန်မြို့၊ အင်းစိန်အကျဥ်းထောင်က နိုင်ငံ‌ရေးအကျဉ်းသား၊ အကျဉ်းသူ များစွာကို သာယာဝတီအကျဥ်းထောင်ကို ထောင်ပြောင်းရွှေ့တာတွေ ရှိနေသလို ထောင်တွင်း ညှဉ်းပန်းနှိပ်စက်ခံရပြီး ဆေးဝါးကုသမှု လုံလောက်စွာ မရရှိတာတွေကြောင့် သေဆုံးမှုတွေလည်း ရှိနေတာပါ။

PPNM ရဲ့ စာရင်းပြုစုထားတဲ့ အချက်အလက်တွေအရ အခုနှစ် အချိန် ၁၁ လတာအတွင်း နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ အနည်းဆုံး အယောက် ၂၀ ဟာ ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013