စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့အထိ AAPP က ကောက်ယူရရှိထားတဲ့ အချက်အလက်အလက်တွေအရ နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၈ ယောက် သေဆုံးခဲ့ပြီး နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို နိုဝင်ဘာ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။
ထုတ်ပြန်ချက်ထဲမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့တုန်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)၊ ၅၁ (ဂ) နဲ့ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံခဲ့ရတဲ့ ဦးစိန်လင်း (ခ) အငယ်လေးဟာ အကျဉ်းချခံထားရတဲ့အချိန်အတွင်း လုံလောက်တဲ့ ဆေးဝါးကုသမှုမရခဲ့တာကြောင့် အသည်းရောဂါနဲ့ သွေးအန်တဲ့အထိခံစားခဲ့ရပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းမှာ အိုးဘို(မန္တလေး)အကျဉ်းထောင်ကနေ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးဆီကို ပို့ဆောင်ကုသနေတုန်း နိုဝင်ဘာ ၂၀ ရက်နေ့မှာ သေဆုံးသွားခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း မန္တလေးအိုးဘိုထောင်မှာ ဖမ်းဆီးအကျဉ်းချထားတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ဆေးကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့သလို နိုဝင်ဘာ ၈ ရက်နေ့ကလည်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဦးဝင်းခိုင်ဟာ ဆေးကုသနေရင်း ကွယ်လွန်ခဲ့ပါတယ်။
သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၈ ယောက်ထဲမှာ ၈ ယောက်က အမျိုးသမီးတွေဖြစ်ပြီး အယောက် ၁၀၀ ကတော့ အမျိုးသားတွေဖြစ်ပါတယ်။
AAPP ရဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူစုစုပေါင်း ၂၇,၀၀၀ ကျော်ရှိပြီး ထိန်းသိမ်းခံထားရသူ ၂၁,၀၀၀ ကျော်၊ ထောင်ဒဏ်ချမှတ်ခံထားရသူ ၉,၅၀၀ ကျော်ရှိပါတယ်။