Home
မြန်မာသတင်း
ထားဝယ်ထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်အောင် မရသဖြင့် ၁ ဦးသေဆုံး 
DVB
·
October 23, 2024

တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ကြုံတွေ့နေရပြီး နိုင်ငံရေးအကျဉ်းသားတယောက် ကျန်းမာရေး စောင့်ရှောက်မှု အလုံအလောက် မရရှိခဲ့တာကြောင့် သေဆုံးခဲ့ရပါတယ်။

ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ဦးရဲအောင်ဟာ လေဖြတ်ရောဂါနဲ့ ထားဝယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတုန်း သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အောက်တိုဘာ ၂၂ ရက်က သတင်းထုတ်ပြန် ပါတယ်။

နိုင်ငံရေးအကျဉ်းသား ဦးရဲအောင်ဟာ ဖမ်းဆီးခံထားရချိန် စက်တင်ဘာ ၂၇ ရက်မှာ လေဖြတ်သွားတဲ့အတွက် ထောင်တွင်း ဆရာဝန်အင်အား လုံလောက်မှု မရှိတာကြောင့် ထောင်ပြင်ပကို ပို့ဆောင်ကုသမှု ခံယူခဲ့ရပြီး အောက်တိုဘာ ၁၇ ရက်မှာ ကျဆုံးသွားတာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဦးရဲအောင်လိုပဲ နိုင်ငံရေး အကျဉ်းသားတော်တော်များများဟာ ကျန်းမာရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး ဆေးရုံတက်ရတဲ့ အနေအထားမှာ လုံခြုံရေး တင်းကျပ်မှုတွေ ရှိသလို ခြေထောက်ခွဲစိတ်ထားတဲ့ လူနာတွေကိုတောင်မှ ခြေချင်းခတ်ပြီး ဆေးရုံတက်ခိုင်းတဲ့ အနေအထားတွေ ရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီရေးဆပ်ကော်မတီ (DDMSC) တာဝန်ခံ ကိုမောင်တူးက ပြောပါတယ်။

“ဆေးမှူးက တယောက်ယောက် နေမကောင်းဖြစ်ရင် သူတို့ရဲ့ မိသားစုတွေကို ခင်ဗျား သားသမီး နေမကောင်းတာကို အကြောင်းပြပြီးတော့ ဖုန်းဆက်တယ်။ ဖုန်းဆက်ပြီးရင် wave money နဲ့ ပိုက်ဆံတွေ မတန်တဆ လွှဲခိုင်းတယ်ဗျ။ အဲဒီလို အနေအထားတွေ ရှိတယ်။ ထောင်ဝင်စာ လာတွေ့ရင်လည်း ဆေးဝါးတွေ ထည့်ပေးလိုက်တာ ရှိတယ်။ ဒါပေမဲ့ အဲဒီ ဆေးဝါးတွေက နိုင်ငံရေးအကျဉ်းသားတွေဆီ တိုက်ရိုက်မရောက်ဘဲနဲ့ အာဏာပိုင်တွေက သိမ်းထားတာ ရှိတယ်။ သိမ်းပြီးတော့မှ သူတို့က ဝေပေးတဲ့ အနေအထားပေါ့နော်။ နိုင်ငံရေး အကျဉ်းသားတွေက သူတို့ ဝေပေးမှ ဆေးရတယ်ပေါ့ဗျာ။ ဆေးဝါးက လုံလုံလောက်လောက်မရှိဘူး။”

ထားဝယ်အကျဉ်းထောင်မှာ အကျဉ်းသားပေါင်း ၁၀၀၀ ကျော်ရှိပြီး အဲဒီထဲမှာ နိုင်ငံရေးနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရတဲ့ အကျဉ်းသား ၅၀၀ နီးပါးရှိတယ်လို့လည်း သိရပါတယ်။

အောက်တိုဘာ ၇ ရက် တုန်းကလည်း စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါကို ဆေးကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့ရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)မှ ကိုအောင်မျိုးကျော်က “အခုဆိုရင် နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းထောင်ထဲမှာ ဆေးဝါးကုသမှုက ဘယ်လိုမှ လုံလောက်အောင်ကို မရကြဘူး။ ဒါက အခုမှ မဟုတ်ပါဘူး။ အကျဉ်းထောင်တွေထဲမှာ ခေတ်အဆက်ဆက် နိုင်ငံရေးအကျဉ်းသားတွေက ဒီကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရတာက ခေတ်အဆက်ဆက်ပဲ။ ဒါပေမဲ့လည်း အခု ဒီအကြမ်းဖက်စစ်အုပ်စု လက်ထက်မှာတော့ ပိုပြီးတော့ ဆိုးရွားတာပေါ့ဗျာ။ အကျဉ်းထောင်တွေထဲမှာ တောက်လျှောက် ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းတဲ့အတွက်ကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့သူတွေလည်း မနည်းတော့ပါဘူး။ ဒါက အင်မတန် ဆိုးရွားတဲ့ လုပ်ရပ်တွေ ဖြစ်တယ်။ လူတယောက်ကို ဖမ်းထားတယ်ဆိုရင် အဲ့ဒီလူရဲ့ ကျန်းမာရေး၊ စားဝတ်နေရေး အစစအရာရာ လုံခြုံရေး အစစအရာရာ တာဝန်ယူမှု တာဝန်ရှိတာသည် ဖမ်းထားတဲ့ သူတွေဘက်မှာ တာဝန်ရှိတယ်ပေါ့နော်။ ဒီတာဝန်ကို ပျက်ကွက်ပြီးတော့ လူတွေကို လူသားဆန်စွာ မပြုမူတဲ့ ကိစ္စတွေက အင်မတန် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပါတယ်ဗျ”လို့ ပြောပါတယ်။

အာဏာသိမ်းချိန်ကစလို့ အကြမ်းဖက်စစ်အုပ်စုကြောင့် အကျဉ်းထောင်အတွင်း အချုပ်ခံထားရချိန် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရသူ ၁၀၃ ယောက်ရှိခဲ့ပြီး အဲဒီအရေအတွက်ထဲက ထောင်တွင်း ဆေးဝါးကုသမှု မလုံလောက်တာကြောင့် သေဆုံးခဲ့ရသူ ၆၃ ယောက် ပါဝင်တယ်လို့  အေအေပီပီရဲ့ အောက်တိုဘာ ၇ ရက် ထုတ်ပြန်ချက်အရသိရပါတယ်။ 

မြတ်သဇင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013