သာယာဝတီအကျဉ်းထောင်မှာ အောက်တိုဘာ ၁၃ ရက်က နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော် အသည်းပျက်စီးပြီး သေဆုံးခဲ့ပြီးနောက် နောက်ထပ် ၁၀ ယောက်လောက်က အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ မကြာသေးခင်က ထောင်ဝင်စာသွားတွေ့ခဲ့သူ တယောက်က ပြောပါတယ်။
ထောင်ကနေ အခုရက်ပိုင်းလွတ်လာသူ ရိုးရိုးအကျဉ်းသားတယောက်က "စက်တင်ဘာ ၂၂ ရက်က အင်းစိန်ထောင်ကနေ ပြောင်းလာတဲ့ အကျဉ်းသား ၂၀၀ ကျော်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၀၀ လောက်ပါတယ်။ အဲဒီ နိုင်ကျဉ်းတွေကို ထုံးစံအတိုင်း ထောင်ဘူး အဝင်ကတည်းကနေ ရိုက်တာ၊ အရင်တုန်းကတော့ ဝန်ထမ်းတွေက ရိုက်နေကျကိုး၊ အခုတော့ ပြူးကြီးဆိုတဲ့ ရာဇဝတ် အကျဉ်းသား လူမိုက်နဲ့ သူ့တပည့်တွေကို ရိုက်ခိုင်းတာ။ အခု ပြူးကြီးက ထောင်ဝါဒါတွေထက် လက်သံပိုပြောင်နေတာ။ နောက် အင်းစိန်ထောင်ကနေ မှတ်ချက်ပါလာတဲ့ နာမည်ကြီး နိုင်ကျဉ်းတွေကိုတော့ အမှောင်တိုက်ထဲမှာ သီးခြားထားပြီး နေ့တိုင်းရိုက်နေတာ တော်တော်လေး အခြေအနေဆိုးတယ်။ အဲဒီအထဲက ၁၀ ယောက်လောက်က အခြေအနေမကောင်းဘူး၊ ဆေးလည်း ကုမပေးဘူး၊ ဒီအတိုင်းပဲ ထားရင် သေလိမ့်မယ်” လို့ ပြောပါတယ်။
အရင် ၄ လကျော်ခန့်က ထောင်ထဲမှာ ကိုဗစ်ဆေးမထိုးလို့ဆိုပြီး ဝိုင်ဝန်းရိုက်နှက်ခံရပြီး တိုက်ပိတ်ထားခံရသူ တယောက်ကိုလည်း အမှောင်တိုက်ထဲမှာ ဒဏ်ရာတွေနဲ့ ၄ လကျော်တဲ့အထိ ထားပြီး ဆေးကုသမှု မခံရတာကြောင့် နံရိုးကျိုးတာနဲ့ ခါးရိုးလည်း ထိခိုက်သွားပြီး ပုံမှန်မရှိဘဲ လမ်းလျှောက်ရာမှာ တခြမ်းစောင်း အနေအထားနဲ့ နေနေရဆဲပဲလို့ လွတ်လာသူတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်က သေဆုံးသွားခဲ့တဲ့ ကိုဌေးအောင်ကျော်ကလည်း ထောင်ထဲမှာ ၇ လနဲ့ ၁၅ ရက် အမှောင်တိုက်မှာ တိုက်ပိတ်ခံရပြီး နေ့စဉ်နီးပါး ရိုက်နှက်ခံခဲ့ရတာကြောင့် နံရိုးကျိုးပြီး အသည်းကို သွားစိုက်ခဲ့တာကြောင့် အသည်းပျက်စီးသွားခဲ့ကာ လပေါင်းများ ဆေးကုသမှုမခံရဘဲ နောက်ဆုံး အခြေအနေရောက်မှ ပြင်ပဆေးရုံကိုထုတ်ပြီး ဆေးကုသပေးခဲ့ပေမဲ့ သာယာဝတီလို နယ်ဆေးရုံမှာကလည်း လုံလောက်တဲ့ဆေးဝါးနဲ့ အထူးကုကျွမ်းကျင်သူဆရာဝန်တွေ မရှိတာကြောင့် အသည်းပျက်စီးပြီး သေဆုံးခဲ့ရကြောင်း၊ သေဆုံးချိန်ထိ မျက်နှာနဲ့ ခန္ဓာကိုယ်မှာ အညိုအမည်း ဒဏ်ရာအကွက်တွေ ရှိနေသေးကြောင်း ထောင်ဝန်ထမ်းအသိုက်အဝန်းက သိရပါတယ်။
အခုလို ထောင်ထဲက အခြေအနေတွေနဲ့ပတ်သက်ပြီး သာယာဝတီထောင်ပိုင်ရုံးကို DVB က ဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။
စစ်တပ် အာဏာသိမ်းပြီးနောက် ထောင်တွင်း ဆေးကုသမှု မလုံလောက်တာကြောင့် သေဆုံးရသူ ၆၃ ယောက်အထိ ရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။