မကွေးတိုင်း၊ သရက်မြို့နယ်၊ သရက်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၂၀ နီးပါး တိုက်ပိတ်ခံထားရပြီး မိသားစုနဲ့ တွေ့ခွင့်မရကြဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
အောက်တိုဘာ ၇ ရက်ကစပြီး နိုင်ငံရေးအကျဉ်းသား အယောက် ၂၀ လောက်ကို တိုက်ပိတ်ထားကာ ထောင်ဝင်စာလာပို့သူတွေကို နောက်ရက်မှပြန်လာဖို့ အကျဉ်းထောင် တာဝန်ရှိသူက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
သရက်ထောင်အတွင်းမှာ အကျဉ်းသား ၇၀၀ ကျော်ရှိကာ ထောင်တွင်း ညှဉ်းပန်းခံနေရပြီး အစားအစာနဲ့ ဆေးဝါးမလုံလောက်မှုတွေလည်း ကြုံနေရတယ်လို့ သိရပါတယ်။
အကျဉ်းသားမိသားစုနဲ့ နီးစပ်သူတယောက်က “ထောင်ထဲမှာ ဖုန်းသုံးတဲ့ ပြဿနာတွေရှိတော့ အခုပြောင်းလာတဲ့ ထောင်ဝါဒါက အထဲမှာ မြေလှန်ရှာမယ်လို့ ပြောတယ်။ မသင်္ကာတဲ့ လူတချို့ကိုတော့ တိုက်ပိတ်ထားတယ်၊ ရိုက်နှက်တာတွေလည်း လုပ်တယ်၊ ထောင်ဝင်စာ ပို့တာ တွေ့တာလည်း လက်မခံသေးဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကလည်း သရက်ထောင်က လက်ထောက်ဦးစီးမှူးကို လာဘ်စားမှု၊ မူးယစ်ဆေးဝါးမှုတွေကြောင့် စစ်ကောင်စီက နယ်ပြောင်းခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်မှာလည်း နိုင်ငံရေးအကျဉ်းသားတွေကို ဇွန် ၁ ရက်ကတည်းက ဧည့်တွေ့ခွင့်မပေးဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။