Home
မြန်မာသတင်း
မုံရွာထောင်က နိုင်ကျဉ်းများကို ခဲယမ်းရိက္ခာတင် စစ်သင်္ဘောများဖြင့်ရောပြီး ထောင်ပြောင်း
DVB
·
September 22, 2024

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၅၀ လောက် အပါအဝင် အကျဉ်းသား ၁၀၀ ဝန်းကျင်ကို ခဲယမ်းရိက္ခာတင်တဲ့ စစ်သင်္ဘောတွေနဲ့အတူ စက်တင်ဘာ ၂၁ ရက်က ရေကြောင်းကနေ ထောင်ပြောင်းရွှေ့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် - PPNM ဆီက သိရပါတယ်။

မုံရွာထောင်ကနေ အကျဉ်းသားတွေကိုတင်လာတဲ့ စစ်သင်္ဘောတွေအပါအဝင် စစ်ကောင်စီ တပ်သားတွေနဲ့ ရိက္ခာတွေပါတဲ့ သင်္ဘော ၂၂ စီးဟာ စက်တင်ဘာ ၂၁ ရက် မနေ့မနက် ၉ နာရီအချိန်က မင်းဒေါင့်ဆိပ်ကမ်းကတဆင့် ထွက်ခွာသွားတယ်လို့ PPNM ရဲ့ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“မုံရွာထောင်ကနေ ရေကြောင်းနဲ့ပြောင်းရွှေ့တာ ဒါ ပထမဦးဆုံးလို ပြောလို့ရတယ်။ စစ်သင်္ဘောတွေလည်း ကင်းလိုက်လာတာတွေ့တယ်။ လတ်တလောနိုင်ငံရေးအကျဉ်းသား ၅၀ ဦး လောက်ကို အတည်ပြုနိုင်တယ်။ နောက်ထပ် အတည်မပြုနိုင်သေးတဲ့ နိုင်ကျဉ်းတွေလည်း ပါကောင်းပါနိုင်တယ်” လို့ ပြောပါတယ်။

အခု ထောင်ပြောင်းရွှေ့ရာမှာ လက်ရှိ မုံရွာအကျဉ်းထောင်မှာ နိုင်ငံတော်ပုန်ကန်မှုအပါအဝင် ပုဒ်မ ၁ဝ ခု ကျော်နဲ့ စွဲချက်တင်ပြီး ထောင်ဒဏ် ၇၄ နှစ် ချမှတ်ခံထားရတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ပါ၊ မပါ ကိုတော့ အတိအကျ စုံစမ်းနေဆဲဖြစ်တယ်လို သူက ဆက်ပြောပါတယ်။

မုံရွာအကျဉ်းထောင်မှာ အကျဉ်းသား၊ အကျဉ်းသူ ၉ဝဝ ဝန်းကျင်ရှိပြီး အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၃ဝဝ လောက်ရှိနိုင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် -PPNM က ခန့်မှန်းထားပါတယ်။

မုံရွာအကျဉ်းထောင်က အကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့ခဲ့ရာမှာ ချင်းတွင်းမြစ်ကြောင်း အတွင်း စစ်ရေယာဉ် ၃ စီး၊ သစ်တွေတင်ဆောင်လာတဲ့ ဖလပ် ၅ စီး၊ မိုးကာအုပ်ထားတဲ့ ဖလပ် ၆ စီး၊ ကရိန်းစက်တွေ တင်ဆောင်လာတဲ့ ဖလပ် ၂ စီး၊ ကြေးနီတင်ဆောင်လာတဲ့ ဖလပ် ၅ စီး  စုစုပေါင်း ၂၁ စီးက မြစ်ကြောင်းအတိုင်း စုန်ဆင်းနေပြီး Mi 35 တစီးကလည်း လုံခြုံရေးယူပေးနေတယ်လို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Photo - အညာပစ်တိုင်းထောင်လေးများ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013