စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားတွေကို ထောင်ဝင်စာ ဧည့်တွေ့ခွင့်မပြုဘဲ ပိတ်ပင်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ရက် (PPNM) က ဒီနေ့ အောက်တိုဘာ ၈ ရက်က ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဥ်းသားတွေကို ဇွန် ၁ ရက်ကစပြီး ထောင်ဝင်စာဧည့်တွေ့ခွင့် ပိတ်ပင်ကာ တခြား အကျဥ်းသားတွေကတော့ ဧည့်တွေ့ခွင့်ရတယ်လို့ သိရပါတယ်။
ဧည့်တွေ့ခွင့်ပိတ်ပင်တာကို ရွှေဘိုမြို့က တပ်နယ်မှူး ဗိုလ်မှူးကြီး အောင်အောင်က ညွှန်ကြားထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
PPNM တာဝန်ခံ ကိုသိုက်က “လက်ရှိမှာတော့ လုံခြုံရေးကို အကြောင်းပြပြီး ပေးမတွေ့တာလို့ သိရတယ်။ ထောင်အာဏာပိုင်တွေက သူတို့ရဲ့ လုပ်ပိုင်ခွင့်နဲ့ စစ်ကိုင်းတိုင်း စစ်ရေးအခြေအနေအရ ရွှေဘိုထောင်မှာ ဧည့်တွေ့ခွင့်တွေ မပေးဘူးဆိုပြီးတော့ လုပ်တာပေါ့နော်။ အကျဥ်းသားတိုင်း ခွဲခြားမှုမရှိဘဲ အကျဥ်းသားအခွင့်အရေး ရသင့်တယ်လို့ မြင်ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။
တခြားအကျဥ်းထောင်တွေမှာ ထောင်ဝင်စာ ဧည့်တွေ့ခွင့်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက ခွင့်ပြုခဲ့ပြီး ရွှေဘိုထောင်မှာရှိတဲ့ နိုင်ကျဥ်းတွေရဲ့ မိသားစုဝင်တွေက ဧည့်တွေ့ခွင့်ရဖို့ တောင်းဆိုခဲ့ပေမဲ့ အချက်အလက်တောင်းခံတာတွေပဲ ပြုလုပ်တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၇ ရက်မှာတော့ နိုင်ကျဥ်းမိသားစုဝင်တွေက ဧည့်တွေ့ခွင့်မရဘဲ တခြားအမှုနဲ့ ထောင်ကျနေသူတွေကတော့ ဧည့်တွေ့ခွင့်ရတဲ့ ထောင်တွင်း ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
အကျဥ်းထောင်အလိုက် နိုင်ငံရေးအကျဥ်းသားတွေအပေါ် ခွဲခြားဆက်ဆံတာ၊ ဖိနှိပ်တာတွေ ရှိနေပြီး ဆေးဝါးကုသခွင့် မပေးတာတွေ၊ ဆေးဝါးတင်သွင်းခွင့် ကန့်သတ်တာတွေကြောင့် နိုင်ငံရေးအကျဥ်းသားတွေ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ အကျဥ်းသား မိသားစုဝင်တွေဆီက သိရပါတယ်။