နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီ လက်အောက်ခံ အကျဉ်းထောင် အာဏာပိုင်တွေက လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားနေတဲ့အကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က နိုဝင်ဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ် ချေမှုန်းရေးအတွက် တိုက်ပွဲ၀င်ခဲ့သူတွေကို ရန်သူသဖွယ် သဘောထားကာ ဖမ်းဆီးမှုတွေ ဒီကနေ့ထက်ထိတိုင် ပြုလုပ်နေသလို မတရားအမိန့် ချမှတ်ကာ အကျဉ်းထောင်တွေဆီ ပို့ဆောင်ပြီးနောက်မှာလည်း နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက လုပ်ကြံ သတ်ဖြတ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အောက်တိုဘာ ၁၆ ရက်က မြောင်းမြအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ကိုရဲရင့်အောင်ကို ဒုတာဝန်ခံအရာရှိ တင့်ဆွေရဲ့ လက်ကိုင်တုတ်ဖြစ်တဲ့ သေဒဏ်ကျ ရာဇဝတ်အကျဉ်းသား လင်းလင်းက သတ်ဖြတ်ဖို့ ရည်ရွယ်ပြီး သံချွန်နဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့အကြောင်း အကျဉ်းဦးစီးမိသားစုအသိုင်းအဝိုင်းနဲ့ ရင်းနှီးသူတွေဆီက သိရှိခဲ့ရတယ်လို့ PPNM က ပြောပါတယ်။
အဲဒီနေ့ညနေ ၅ နာရီဝန်းကျင်လောက်က ကိုရဲရင့်အောင်ကို ရာဇဝတ်အကျဉ်းသား လင်းလင်းက ရန်ငြိုးခိုက်ရန်ဖြစ်ပွားဖူးခြင်းမရှိဘဲ သေချာပြင်ဆင်ပြုလုပ်ထားတဲ့ သံချွန်နဲ့ နောက်ကျောဘက်က အလစ်အငိုက် ဝင်ရောက် ထိုးသွင်းသတ်ဖြတ်ဖို့ ကြိုးစားခဲ့ချိန်မှာ အချိန်မီ ရှောင်တိမ်းနိုင်လိုက်တဲ့အတွက် သံချွန်က အုတ်နံရံကို ထိုးမိပြီးနောက် အသက်အန္တရာယ်က လွတ်မြောက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီနောက် လုံးထွေးခိုက်ရန်ဖြစ်ပွားပြီးနောက် ရာဇဝတ်အကျဉ်းသား လင်းလင်းက အနီးအနား ကွပ်ပျစ်ကြမ်းခင်းကနေ ပြုတ်နေတဲ့ သစ်သားချောင်းနဲ့ နိုင်ငံရေးအကျဉ်းသား ကိုရဲရင့်အောင် ဦးခေါင်းကို ရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါဖြစ်စဉ်ကို PPNM က အသေးစိတ်စုံစမ်းမှုအရ ဖြစ်စဉ်မတိုင်မီတရက်က ထောင်အာဏာပိုင် ဒုတာဝန်ခံ တင့်ဆွေက ရာဇဝတ်အကျဉ်းသား လင်းလင်းကို နိုင်ငံရေးအကျဉ်းသားတွေဖြစ်ကြတဲ့ ကိုရဲရင့်အောင်နဲ့ ဒေါက်တာပြည့်ဖြိုးတို့ကို ရိုက်နှက်ဖို့နဲ့ နောက်ဆက်တွဲ ပြဿနာတစုံတစ်ရာဖြစ်ပွားလာပါက သူ ရှင်းလင်းပေးမှာဖြစ်ကြောင်း နှုတ်နဲ့ သေချာမှာကြားခဲ့တာကို အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်ဖြစ်ပွားပြီးချိန်မှာလည်း ဒုတာဝန်ခံ တင့်ဆွေနဲ့ ကြီးကြပ်ရေးမှူး ကျော်ဇေယျတို့ဟာ ကျူးလွန်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဆေးဝါးကုသပေးမှုကို ဟန်ပြပြုလုပ်ပေးခဲ့ပြီး သေဒဏ်ကျရာဇဝတ်အကျဉ်းသား လင်းလင်းကို ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ထားခြင်းမရှိကြောင်းလည်း PPNM က ပြောပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၂၊ ဇူလိုင်လတုန်းကလည်း ထင်ရှားတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ အပါအဝင် ၄ ဦးကို အကျဉ်းထောင်တွင်း သေဒဏ်ပေး ကွပ်မျက်ခဲ့တာမျိုးတွေ ကျူးလွန်နေသလို အကျဉ်းထောင်တွင်း ဆေးဝါးကုသမှု အလုံအလောက် မရရှိတာကြောင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးမှုတွေလည်း ရှိနေတာပါ။
ဒါ့အပြင် လက်ရှိမှာလည်း အိမ်မဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နိုင်ငံရေးအကျဉ်းသား ဒေါက်တာပြည့်ဖြိုးဟာ ထောင်အာဏာပိုင်တွေရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံနေရပေမဲ့ တီဗီရောဂါသည် အကျဉ်းသားတွေထားတဲ့ အခန်းထဲမှာပဲ အသက်အန္တရာယ် ထပ်မံကျူးလွန်နိုင်တဲ့ ရည်ရွယ်ချက်နဲ့ ထည့်ထားခြင်း ခံနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့ နိုင်ငံရေးအကျဥ်းသားတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်နေတဲ့ ဒုတာဝန်ခံ တင့်ဆွေ အပါအဝင် တရားဝင် အရေးယူမှုမရှိတဲ့ ကြီးကြပ်ရေးမှူး ကျော်ဇေယျတို့ကို အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်နေမှုကိစ္စတွေနဲ့ပတ်သက်ပြီး တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့် ဆက်လက်ဆောင်ရွက်နိုင်ဖို့နဲ့ PPNM အနေနဲ့လည်း နိုင်ငံရေးအကျဉ်းသားတွေ အရေးကိစ္စနဲ့ပတ်သက်ပြီး လက်ပိုက်ကြည့်နေမှာမဟုတ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အာဏာသိမ်း ၃ နှစ်ခွဲကျော်ကာလတွေအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ သူတို့ရဲ့ လက်ပါးစေတွေကြောင့် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ၅,၉၀၀ ကျော်ထိ ရှိခဲ့ပြီလို့ သိရပါတယ်။
ဒါ့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နဲ့ ဆက်စပ်ပြီးတော့ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၇,၀၀၀ ကျော်ရှိခဲ့ပြီး အဲဒီထဲက ၂၁,၀၀၀ ကျော်က ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူတွေထဲက ၉,၄၀၀ ကျော် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။