အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက သူနဲ့ သူ့ဇနီးကို လုပ်ကြံဖို့ကြိုးစားတာဟာ အမှားကြီးမှားတဲ့ ကိစ္စဖြစ်ကြောင်းနဲ့ ဒီအတွက် ဟစ်ဇ်ဘိုလာအဖွဲ့ကို လက်တုံ့ပြန်မယ်လို့ ပြောကြားလိုက်ပါတယ်။
‘ဒီကနေ့ အီရန်လက်ဝေခံ ဟစ်ဇ်ဘိုလာအဖွဲ့က ကျုပ်နဲ့ ကျုပ်ဇနီးကို လုပ်ကြံဖို့ ကြိုးစားတာဟာ အမှားကြီး မှားတာပဲ၊ ကျုပ်တို့ အနာဂတ်လုံခြုံစေဖို့ ရန်သူတွေအပေါ် ကျုပ်က အစ္စရေးနိုင်ငံက စစ်ပွဲ ဆင်နွှဲတာကို ဒီလိုလုပ်ရုံနဲ့ ဟန့်တားနိုင်မှာမဟုတ်ဘူး’ လို့ နေတန်ယာဟုက လူမှုကွန်ရက် X မှာရေးသားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ တိုက်ခိုက်ခံရမှုအပြီးမှာ အစ္စရေးဟာ ဒေသတွင်း မျိုးဆက်နဲ့ချီရှိခဲ့တဲ့ လုံခြုံရေးပကတိ အရှိတရားကို ပြောင်းလဲပစ်မှာဖြစ်တယ်လို့လည်း နေတန်ယာဟုက ဆိုပါတယ်။
အီရန်နဲ့ မိစ္ဆာဝင်ရိုးတန်းက အီရန်လက်ဝေခံတွေအားလုံးကို ပြောချင်တာက အစ္စရေးနိုင်ငံသားတွေကို ရန်ပြုဖို့ ကြိုးစားရင် တန်ဖိုးကြီးကြီးပေးရမယ်ဆိုတာပါပဲလို့လည်း နေတန်ယာဟုက ရေးသားခဲ့ပါတယ်။
စနေနေ့ မနက်ပိုင်းမှာ ကမ်းရိုးတန်းမြို့ ကေဆရီယာမှာရှိတဲ့ နေတန်ယာဟုရဲ့ ကိုယ်ပိုင်အိမ်ကို လူမဲ့လေယာဉ်တစင်းနဲ့ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အခင်းဖြစ်ချိန်မှာ နေတန်ယာဟုရော သူ့ဇနီးပါ အိမ်မှာ ရှိမနေခဲ့သလို ထိခိုက်သူလည်းမရှိခဲ့ဘူးလို့ အစ္စရေးဘက်က ထုတ်ပြန်ပါတယ်။
လက်ဘနွန်နိုင်ငံဘက်ကနေ ဝန်ကြီးချုပ်နေအိမ်ကို ဦးတည်ပြီး လူမဲ့လေယာဉ် ၃ စင်း ပစ်လွှတ်ခဲ့ရာမှာ ၂ စင်းကို ဟန့်တားနိုင်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ထုတ်ပြန်ပါတယ်။
Source-Reuters