Home
မြန်မာသတင်း
သံတွဲတွင် နိုဝင်ဘာလအတွင်း အရပ်သား ထိခိုက်သေဆုံးမှု အများဆုံးဖြစ်
DVB
·
December 2, 2024

စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ နိုဝင်ဘာ ၁ ရက်ကနေ ၃၁ ရက်အထိ တလတာအတွင်း စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုဟာ သံတွဲမြို့နယ်မှာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ သံတွဲမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတာကြောင့် နိုဝင်ဘာ တလအတွင်းမှာ ထိခိုက်သေဆုံးသူ ၁၄ ယောက်အထိ ရှိခဲ့ပါတယ်။

သံတွဲဒေသခံ ကိုတေဇာအောင်က “သံတွဲမှာ ဗုံးကြဲတာက တရက်ခြားလောက်ကို တခါကြဲတယ်၊ ဘယ်မှာစပြီး တောက်လျှောက် ဖြစ်လာလဲဆိုတော့ ဂွတိုက်ပွဲနဲ့ အမ်း၊ တောင်ကုတ် မြို့သိမ်းတိုက်ပွဲတွေကြောင့် ပိုဖြစ်လာတယ်။ ဒါကြောင့် ပြည်သူတွေဟာလည်း ကိုယ့်အိမ် ကိုယ့်နေရာမှာ မအိပ်ရဲကြဘူး။ တောတောင်အစပ်တွေ၊ သစ်ပင်တွေအောက်မှာပဲ ဆောင်းတွင်းကာလကြီးမှာတောင် မြေကြီးပေါ်မှာပဲ ခင်းပြီး အိပ်ကြရတယ်။ ခြံကျယ်ကျယ်ရှိတဲ့သူတွေက အိမ်ဘေးမှာပဲ ဗုံးခိုကျင်းတူးပြီး အိပ်ကြရတယ်။ ညဘက်ဆိုလည်း ကောင်းကောင်းမအိပ်ရပါဘူး၊ လုံလုံခြုံခြုံနဲ့ အိပ်ရတဲ့အနေအထား မဟုတ်ပါဘူး ဖြစ်သလိုပါပဲ။ လမ်းဘေးတွေမှာ အိပ်ကြရတယ်၊ မြေကြီးပေါ်မှာ အိပ်ကြရတယ်၊ တချို့ကျတော့ ဗုံးခိုကျင်းတွေထဲ အိပ်နေရတယ်” လို့ ပြောပါတယ်။

ရခိုင်မှာ နိုဝင်ဘာ တလအတွင်း အရပ်သားသေဆုံးသူ ၁၈ ယောက်အထိရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၇ ယောက်အထိ ရှိခဲ့တယ်လို့ ကောက်ယူရရှိထားတဲ့ စာရင်းအရ သိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေဟာ ဂွမှာ ၇ ယောက်၊ သံတွဲမှာ ၃ ယောက်၊ တောင်ကုတ်မှာ ၄ ယောက်၊ မောင်တောမှာ ၄ ယောက် ဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ သံတွဲမှာ ၁၁ ယောက်၊ ဂွမှာ ၅ ယောက်၊ တောင်ကုတ်မှာ ၄ ယောက်၊ ဘူးသီးတောင်မှာ ၄ ယောက်၊ မောင်တောမှာ ၂ ယောက်နဲ့ ပုဏ္ဏားကျွန်းမှာ ၁ ယောက်တို့ ဖြစ်ပါတယ်။

စစ်ကောင်စီက ရခိုင်မှာ စစ်ရှုံးနေတဲ့အတွက် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး အကြောက်တရားလွှမ်းမိုးအောင် ရည်ရွည်ချက်ချက်ရှိရှိ လုပ်ဆောင်နေတာဖြစ်တယ်လို့ ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူတယောက်က “လက်ရှိ မင်းအောင်လှိုင်ဟာ စစ်ပွဲတွေကို နိုင်အောင်တိုက်နိုင်တဲ့ အနေအထား မရှိဘူး။ တော်လှန်ရေးအင်အားစုတွေ ထောက်ခံတဲ့ ပြည်သူလူထုကို ပစ်မှတ်ထားလာမှာပဲ။ ထောက်ခံမှု ပံ့ပိုးမှုမရှိအောင် အကြောက်တရားလွှမ်းမိုးအောင် ဆိုတဲ့ပုံစံနဲ့ လူနေအဆောက်အအုံတွေ လက်နက်ကြီးတွေ ပစ်တယ်၊ လေကြောင်းဗုံးကြဲချတာရှိတယ်။ ဆက်ပြီးလည်း ဒီပြစ်မှုတွေကို ကျူးလွန်နေဦးမှာပဲ။ ကမ္ဘာမှာ လူ့အခွင့်ရေးချိုးဖောက်မှု အဆိုးဆုံးအဆင့်ကို ရောက်သွားပြီ” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အဆုံများ၊ တံတားများ၊ ဆေးရုံများ၊ ဈေးများနဲ့ လူနေအိမ်ပေါင်းများစွာလည်း ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူ ၆၆ ယောက် သေဆုံးပြီး ၁၂၁ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီအချက်အလက်တွေဟာ သတင်းဌာနတွေရဲ့ အချက်အလက်တွေကို မှီငြမ်းပြီး စာရင်းပြုစုထားတာကြောင့် မြေပြင်အခြေအနေမှာ ခုထက်ပိုနိုင်တယ်လို့ သိရပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013