ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ဘေးရှောင် ၂ ယောက် သေဆုံးပြီး အရပ်သား ၁၉ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ကုတ်ဒေသခံတွေက ပြောပါတယ်။
တောင်ကုတ်မြို့နယ် ခရိုင်ကျေးရွာကို ဒီဇင်ဘာ ၁ ရက် ညနေ ၃ နာရီခွဲလောက်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တောင်ကုတ်မြို့က စစ်ဘေး တိမ်းရှောင်နေကြတဲ့ အသက်မပြည့်သေးတဲ့ ယောကျ်ားလေးတယောက်နဲ့ အမျိုးသမီးတယောက် သေဆုံးခဲ့ပြီး နောက်ထပ် ကျေးရွာသား ၁၉ ယောက်လည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒေသခံတယောက်က “စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တစီးနဲ့ ညနေပိုင်း ၃ နာရီခွဲလောက်မှာ ဗုံး ၄ လုံး ကြဲချသွားတာ။ တောင်ကုတ်ကနေ စစ်ဘေးရှောင်နေတဲ့ အမျိုးသမီးတဦးနဲ့ ယောကျ်ားလေး တဦးက နေရာမှာတင် သေဆုံးသွားတယ်။ နောက်ထပ် စစ်ရှောင်တွေနဲ့ ကျေးရွာသား ၁၉ ဦးလည်း ဒဏ်ရာရရှိသွားကြပြီးတော့ ဒဏ်ရာပြင်းထန်တဲ့သူတွေကိုတော့ အရေးပေါ် ဆေးကုသမှု ခံယူနေကြရတယ်”လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင်း သေဆုံးသွားသူတွေဟာ တောင်ကုတ်မြို့ ဆေးရုံကွက်သစ်ရပ်ကွက်က ဒေါ်မသိန်း (၇၁ နှစ်)နဲ့ သာယာအေးကျေးရွာက မောင်ကျော်သက်နိုင် (၁၇ နှစ်) တို့ဖြစ်ကြပါတယ်။
တောင်ကုတ်မြို့ကို အာရက္ခတပ်တော်က နိုဝင်ဘာ ၂၄ ရက်နေ့ကတည်းက သိမ်းပိုက်ထိန်းချုပ်ထားပြီး စကခ ၅ တပ်မ အပါဝင် လက်အောက်ခံတပ်ရင်းတွေ ဖြစ်ကြတဲ့ ခမရ ၅၄၄၊ ခမရ ၃၄၆ တပ်ရင်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီက မြေပြင်မှာ စစ်ရှုံးနေပြီး အင်းအားမဖြည့်တင်းနိုင်တာကြောင့် စစ်ရေးနဲ့မဆိုင်တဲ့ အရပ်သားတွေကို ပစ်မှတ်ထားပြီးတော့ လေကြောင်းကနေ တိုက်ခိုက်လာနေတာလို့ တောင်ကုတ်ဒေသခံ နောက်တယောက်က ပြောပါတယ်။
“စစ်ကောင်စီက တောင်ကုတ်မှ မဟုတ်ဘူး။ ရခိုင်တပြည်လုံးမှာ အကွဲကွဲအပြဲပြဲဖြစ်အောင် စစ်ရှုံးနေတာ။ သူတို့မှာ အရှုံးတွေကို ကုစားဖို့နဲ့ ခုခံနေဖို့ အင်အားလည်း ပို့မရတော့ဘူး။ အဲဒါကြောင့် လေကြောင်းကို အားကိုးပြီးတော့ မိုက်ချင်တိုင်းမိုက်ပြီး ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာ ဖြစ်တယ်။”
တောင်ကုတ်မြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း စစ်ကောင်စီက အရပ်သားကျေးရွာတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးမှုတွေ ရှိခဲ့ကြပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော်က တောင်ကုတ်၊ အမ်း၊ ဂွနဲ့ မောင်တောမြို့နယ်တွေမှာ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း သူတို့ရဲ့ တပ်စခန်းတွေ တခုပြီးတခု ဆုံးရှုံးနေရတာကြောင့် အရပ်သားတွေကို ပစ်မှတ်ထား လေကြောင်းက တိုက်ခိုက်မှုတွေကို ဆက်တိုက်ဆိုသလို ကျူးလွန်နေတာဖြစ်ပါတယ်။