အကျင့်ပျက်လာဘ်စားမှုနဲ့ ပြောင်းရွှေ့ပြစ်ဒဏ်ပေးခံရတဲ့ ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်စစ်ကောင်စီ ဥက္ကဋ္ဌ သီဟဇော်နဲ့ပတ်သက်တဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို စစ်ဆေးနေတယ်လို့ တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အကျင့်ပျက်လာဘ်စားမှုနဲ့ နိုဝင်ဘာ ၁ ရက်က စစ်ကိုင်းတိုင်းဘက်ကို ပြောင်းရွှေ့ခံရတဲ့ မော်လမြိုင်ကျွန်းမြို့နယ် စစ်ကောင်စီဥက္ကဋ္ဌ သီဟဇော်နဲ့ ပတ်သက်တဲ့ မြို့နယ်ရဲမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ခရိုင်အဆင့်က ခေခါ်ယူစစ်ဆေးနေတာလို့ သိရပါတယ်။
“မော်လမြိုင်ကျွန်းမြို့နယ် စစ်ကောင်စီဥက္ကဋ္ဌကက လာဘ်စားမှုနဲ့ စစ်ကိုင်းတိုင်းဘက် အပြောင်းခံရတာ။ အခုသူနဲ့ လာဘ်စားမှုမှာ ပါဝင်ပတ်သက်သူတွေကို စစ်ဆေးနေတယ်။ ထပ်စစ်ဆေးဖို့သူတွေလည်း ညွှန်ကြားတာရှိတယ်။ တိုင်းအဆင့်အထိ တက်တိုင်တဲ့သူတွေများ နေလို့။ သီဟဇော်လာဘ်စားချက်က စက်သုံးဆီနဲ့ စပါးသိုလှောင်တာအပါအဝင် တော်တော်များများ သိသာထင် ရှားတယ်လို့ သိရတယ်” လို့ တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
အကျင့်ပျက်လာဘ်စားမှုနဲ့ ပြောင်းရွှေ့ပြစ်ဒဏ်ပေးခံရတဲ့ စစ်ကောင်စီမြို့နယ် ဥက္ကဋ္ဌ သီဟဇော်နဲ့အတူ ပါဝင်ပတ်သက်သူ ရဲမှူး အဆင့်အပါအဝင် ကျေးရွာနဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူး အားလုံး အယောက် ၂၀ လောက်ကို စစ်ဆေးနေတာလို့ သိရပါတယ်။
အကျင့်ပျက်လာဘ်စားမှုနဲ့ ပြောင်းရွှေ့ခံရတဲ့ မော်လမြိုင် ကျွန်းမြို့နယ် စစ်ကောင်စီဥက္ကဋ္ဌ သီဟဇော်ဟာ နိုင်ငံရေး နဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး ဒေသခံတွေကို ဖမ်းဆီးငွေညှစ်တာ၊ စက်သုံးဆီ၊ စပါး၊ သစ်မှောင်ခိုလုပ်ငန်း၊ ငွေယူ စစ်မှုထမ်းအစားထိုးလုပ်ငန်း၊ ငွေယူပြီး ဖဲဝိုင်းလုပ်ခွင့်ပြုတာ၊ အရက်ပုံးရောင်းခွင့်ပြုတာ၊ လက်အောက်ခံရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေး မှူးတွေဆီက ငွေယူပြီး အောက်ခြေမှာထင်တိုင်း အုပ်ချုပ်ခွင့်ပြုတာ စတဲ့ အမှုတွေနဲ့ တိုင်း စစ်ကောင်စီရုံးအထိ အတိုင်ခံရပြီး စစ်ဆေးခံနေရာကနေ နယ်ပြောင်းရွှေ့ပြစ်ဒဏ်အပေးရတာလို့ သိရပါတယ်။
အဲ့ဒီ အကျင့်ပျက်လာဘ်စားမှုနဲ့ နယ်ပြောင်းရွှေ့ခံရတဲ့ မော်လမြိုင်ကျွန်းမြို့နယ် စစ်ကောင်စီဥက္ကဋ္ဌ သီဟဇော်ကြောင့် မော်လမြိုင်ကျွန်းမြို့နယ်က ဒေသခံ အရပ်သား လူငယ် ၉ ထက်မနည်း နိုင်ငံရေးအမှုနဲ့ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရသေးတယ်လို့ မြို့နယ်စစ်ကောင်စီအုပ်ချုပ် ရေးအဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။
Photo - KKL