Home
မြန်မာသတင်း
ကန့်ဘလူတွင် PDF လက်နက်ခဲယမ်းများ ဖမ်းဆီးခံရ
DVB
·
December 2, 2024
Photo: စစ်တပ်လော်ဘီ လူမှုကွန်ရက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အရှေ့ဘက်ခြမ်း စံပယ်နံသာကျေးရွာအနီးမှာရှိတဲ့ ရွှေဘို-မြစ်ကြီးနားလမ်းပေါ်က စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ နိုဝင်ဘာ ၃၀ ရက်က PDF တွေရဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးခံရတယ်လို့ ကန့်ဘလူအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဆီကနေ သိရပါတယ်။

အညာဒေသက တော်လှန်ရေးအဖွဲ့တွေအတွက် သယ်ဆောင်လာတဲ့ လက်နက်တွေ စံပယ်နံသာရွာနားက စစ်တပ်ဂိတ်မှာ နိုဝင်ဘာ ၃၀ ရက် မနက်မှာ ဖမ်းဆီးခံလိုက်ရတာလို့ ကန့်ဘလူအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ဒီအညာဒေသက တပ်ဖွဲ့တွေအတွက် လက်နက်ခဲယမ်းတွေ တင်လာတဲ့ကား ၂ စီးက အထက်ပိုင်းက ဆင်းလာကြတာ။ ကားတစီးက လမ်းမှားဝင်သွားပြီး အဲဒီဂိတ်မှာ ဖမ်းဆီးခံလိုက်ရတာပါ။ နောက်ကားတစီးကတော့ အချိန်မီ နောက်ပြန်လှည့်နိုင်လိုက်လို့ လွတ်တယ်။”

ဖမ်းဆီးခံရတဲ့ မော်တော်ယာဥ်နဲ့အတူ လိုက်ပါလာကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားပြီး ၅ ယောက်က ကန့်ဘလူနယ်ထဲက ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီမှာ ဝင်ရောက်ခိုလှုံနေကာ ကျန်တယောက်ကတော့ အဆက်အသွယ်ပြတ်နေတယ်လို့ လည်း ဆက်ပြောပါတယ်။

လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ကားဟာ ကချင်ပြည်နယ်ဘက်ကနေ စစ်ကိုင်းတိုင်းဘက်ကို  သယ်ဆောင်လာချိန်မှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

ကန့်ဘလူနယ် တောင်ခြမ်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တယောက်က “တော်လှန်ရေးနဲ့ သက်ဆိုင်တဲ့ ပစ္စည်းသယ်လာတဲ့ ကားက ၂ စီး ဗျ။ အဲဒီကား ၂ စီးထဲက တစီးက စစ်တပ် စစ်ဆေးဂိတ်ဘက်ကို လမ်းမှားရောက်သွားလို့ အခုလို အဖမ်းခံလိုက်ရတာပါ။ ကား ၂ စီးပေါ်မှာ ပါလာတဲ့ ရဲဘော် ၇ ဦးထဲက ၆ ဦးကတော့ အဖမ်းမခံရဘဲ ကျနော်တို့ နယ်ခံ ကာကွယ်ရေး အဖွဲ့တွေ‌ထံ ရောက်အောင်ထွက်ပြေးလာနိုင်ခဲ့တယ်။ နောက်ထပ် တယောက်ကတော့ ထွက်ပြေးရင်း ပျောက်ဆုံးနေဆဲပါဗျ။ ကျနော်တို့ နယ်ခံအဖွဲ့တွေအနေနဲ့ ကူညီရှာ ဖွေပေးနေတုန်းပါ”လို့ ပြောပါတယ်။

စံပယ်နံ့သာစစ်ဆေးရေးဂိတ်မှာ PDF အဖွဲ့တွေရဲ့ ကားတစီးကို သိမ်းဆည်းရမိပြီး ကားပေါ်ကနေ ၅ ဒသမ ၅၆ မမ ကျည် ၁,၈၂၉ တောင့်၊ ၇ ဒသမ ၆၂ မမကျည် ၂,၀၁၉ တောင့်၊ ၄၀ မမဗုံးသီး ၅၀ လုံး၊ ၆၀ မမဗုံးသီး ၂ လုံး၊ ၇၃ မမဒုံးသီး ၂ လုံး၊ ၇၃ မမဒုံးသီး (ပို့ကျည်) ၃ ခု၊ တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၅၉ လုံးနဲ့ ကျည်အိမ်မျိုးစုံ၊ စစ်ဝတ်ဆက်စပ်ပစ္စည်းအများအပြား သိမ်းဆည်းရမိထားတယ်လို့ စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်မှာ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြနေကြပေမဲ့ စစ်ကောင်စီပြန်ကြားရေးကတော့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

ကန့်ဘလူမြို့နယ် ပကဖအဖွဲ့ဝင်တယောက်က “စစ်တပ် လော်ဘီ ကျော်စွာတယ်လီဂရမ်ချန်နယ် အကောင့်က ဖော်ပြထားတဲ့ သတင်းနဲ့ မှတ်တမ်းဓာတ်ပုံတွေက အတည်ဖြစ်တယ်လို့ ပြောလို့ရတယ်ဗျ။ ကျန်တာကတော့ သက်ဆိုင်ရာအဖွဲ့ကနေ ထုတ်ပြန်သွားပါလိမ့်မယ်”လို့ ပြောပါတယ်။

ဖမ်းဆီးသိမ်းဆည်းခံရတဲ့ လက်နက်ခဲယမ်းတွေရဲ့ တန်ကြေးဟာ  ကာလတန်ဖိုး ခန့်မှန်း ကျပ်သိန်း ၉,၀၀၀ နဲ့ ၁၀,၀၀၀ ဝန်းကျင်ဖိုးလောက်ရှိတယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ဩဂုတ် ၂၉ ရက်ကလည်း စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို လမ်းမှားရောက်ရှိသွားကြတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ယောက်ကို စစ်ကောင်စီအဖွဲ့ဝင်တွေက ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့လည်း ကန့်ဘလူအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

PDF တွေ လက်နက်သယ်ဆောင်တဲ့အခါတိုင်း စစ်တပ်သူလျှိုတွေရဲ့ သတင်းပေးမှုကြောင့်  ဖမ်းဆီးခံရတာတွေလည်း ရှိတာကြောင့် တော်လှန်ရေး ခေါင်းဆောင်တွေအနေနဲ့  ရောက်ရှိရာဒေသရဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်အကူအညီယူပြီးသွားလာကြဖို့ နယ်မြေခံ‌ တော်လှန်ရေးခေါင်းဆာင်တွေက ပြောပါတယ်။

Photo: စစ်တပ်လော်ဘီ လူမှုကွန်ရက်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024