စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ စွယ်တော်လမ်းမှာရှိတဲ့ ရွှေခြူး ဝါဂွမ်းကြိတ်စက်ရုံမှာ ဒီဇင်ဘာ ၂ ရက် မနက် ၁ နာရီခွဲက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “မီးစလောင်တဲ့ အချိန်က မနက်အစောကြီး လောင်တာလေ။ မီးသတ်ကား အသံကြားမှ အိပ်ရာကထကြည့်တော့မှ မီးလောင်တာကို သိရတယ်။ အဲစက်ရုံဝိုင်းအတွင်းက စက်ရုံနဲ့ ပစ္စည်းထားဂိုဒေါင်တလုံးတော့ မီးလောင်သွားတယ်။ ကျန်တဲ့ဘက်ကို ကူးစက်တာတော့ မရှိဘူး။ လူထိခိုက်သေဆုံးတာလည်း မရှိဘူးလို့ သိရတယ်ဗျ” လို့ ပြောပါတယ်။
အဆိုပါစက်ရုံ မီးလောင်မှုဟာ ၂ နာရီနီးပါးခန့် ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ရာမှာ မုံရွာမြို့နယ် မီးသတ်တပ်ဖွဲ့၊ မုံရွာခရိုင် မီးသတ်တပ်ဖွဲ့တွေနဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေ ပူးပေါင်းပြီး မီးငြှိမ်းသတ်ခဲ့ပါတယ်။
မုံရွာလူမှုကူညီရေးအဖွဲ့ဝင်တယောက်က “ကျနော်တို့အဖွဲ့ရောက်တော့ မီးတောက်က အတော်လေး များနေပြီဗျ။ အနီးပတ်ဝန်းကျင် မကူးနိုင်အောင် အရင်လုပ်ရတာပေါ့။ မီးသတ်ကလည်း ရေသည်ကား အများအပြား အသုံးပြုခဲ့လို့ အခုလို မီးကူးစက်တာ မရှိခဲ့တာ။ စက်ရုံထဲကလည်း မီးလောင်စရာက ဝါဂွမ်းတွေ၊ ခြုံစောင်နဲ့ အဝတ်အထည်တွေဆိုတော့ မီးအားက အတော်လေး အားကောင်းတယ်” လို့ ပြောပါတယ်။
အဆိုပါမီးလောင်မှု စတင်ဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ မီးလောင်ပျက်စီးဆုံးရှုံးမှု ပမာဏ တန်ဖိုး အသေးစိတ်ကိုတော့ လတ်တလော မသိရသေးပါဘူး။